အဓိကအကြောင်းအရာသို့ သွားမည်
x

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၃၁)ကြိမ်မြောက် အစည်းအဝေးမှ မျိုးသစ်မျိုးဖျား ၆၈ မျိုးကို မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၉

မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed - Related Committee, NSC)၏ (၃၁) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ရုံးအမှတ် (၄၃) အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups, TWGs)များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကားပြောကြားပြီးအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကိုတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေး သည်။

အစည်းအဝေးတွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များ၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee, TSC) တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထားမှတ်ချက်များဖြင့် တင်ပြလာသည့် အသိအမှတ်ပြုလက်မှတ် သက်တမ်းထပ်တိုးမည့် သီးနှံမျိုးဖျား ခြောက်မျိုး၊ မျိုးအသစ်အဖြစ် လျှောက်ထားလာသော လယ်ယာသီးနှံ ၃၁ မျိုး၊ စက်မှုသီးနှံသုံးမျိုး၊ ဥယျာဉ်ခြံသီးနှံ ၂၃ မျိုးနှင့် မိဘမျိုး လိုင်းငါးစုံ စုစုပေါင်းမျိုးသစ်မျိုးဖျား ၆၈မျိုးတို့ကို မျိုးသစ်အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်သည်။ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ အကြိမ်(၃၀)မြောက်အစည်းအဝေးအထိ လယ်ယာသီးနှံ ၇၂၄ မျိုး၊ ဥယျာဉ်ခြံသီးနှံ ၉၃၈ မျိုး၊ စက်မှုသီးနှံ ၁၃၂ မျိုးနှင့် မိဘမျိုးလိုင်း ၂၃၉စုံ စုစုပေါင်း မျိုးသစ်မျိုးဖျား ၂ဝ၃၃မျိုးကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် အပင်မျိုးမွေးမြူသူများက လျှောက်ထားသည့် အပင်မျိုးသစ်များအနက် နည်းပညာကော်မတီက စစ်ဆေးထားသော အပင်မျိုးသစ်အချို့ကို အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေးသည်။

ယခုအစည်းအဝေးတွင် အပင်မျိုးသစ်သုံးမျိုးအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးပြီးဆုံးချိန်အထိအပင် မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေအောက်တွင် ကာကွယ်ခွင့်ယူရန်လျှောက်ထားလာသော သီးနှံမျိုးစုံ အပင်မျိုးသစ် ၄၉မျိုးမှ အပင် မျိုးသစ် ၁၂မျိုးကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။