အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး အသားခြောက်ထုတ်လုပ်ရေးစက်ရုံနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်စက်မှုဇုန်ရှိ Dekhina Meat Co.,Ltd ၏ အသားခြောက် ထုတ်လုပ်ရေးစက်ရုံ၌ ပြည်ပတင်ပို့ရန်တန်ဖိုးမြင့် အေးခဲသားထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ရန်၊ အစားအစာဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံးရန်၊ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရန်၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် ပန်းတင်ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားစားကြက်ကောင်ရေ ၁၅၀၀၀ မွေးမြူထားပြီး တစ်နှစ်လျှင် ပိဿာ ၆၀၀၀၀ ခန့် ထုတ်လုပ်၍ နေပြည်တော်အတွင်း ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာရေးအတွက် ပုဂ္ဂလိကပိုင်းက ဝိုင်းဝန်းကြိုးပမ်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးရုံးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။