အဓိကအကြောင်းအရာသို့ သွားမည်
x

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်တောင်ကျေးရွာ ဖူဂျီဥစားကြက် မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံမှုဂရုပြုရေး၊ စျေးကွက်ကိုအခြေခံသော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

ကွင်းဆင်းစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးသည် ကန်ချယ်ရေလွှဲဆည် အထွေထွေပြုပြင်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဟိုပုံးချိုင့်ဝှမ်းအတွင်းရှိ နမ့်တဘက်ချောင်းဧရိယာ ရေကြီးနစ်မြုပ်မှုလျော့ပါးစေရေးနှင့် စိုက်ဧက တိုးတက်ရရှိရေးအတွက်လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး စိုက်ဧကများ ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးရေအဆင်ပြေချောမွေ့စွာပေးဝေနိုင်ရေး လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။

ယင်းနောက် ဘန်းယဉ်မျိုးသန့်ခြံ၌ ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးကောင်းမျိုးသန့် ထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သီးနှံအလိုက် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုပုံးမြို့နယ်အတွင်းရှိ ကော်ဖီတောင်သူများ၏ ကော်ဖီအခွံချွတ် ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သီးနှံစိုက်ပျိုးမှုနှင့် ထွက်ရှိမှုအချက်အလက်၊ ကိန်းဂဏန်း၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေး၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ဧကများ၊ စိုက်ပျိုးသည့် သီးနှံမျိုးနှင့် အထွက်နှုန်းများ ကောက်ယူကြရေး၊ အထူးဇုန်များအလိုက် ဆီထွက်သီးနှံများလျာထားဧရိယာပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် သံတဲကျေးရွာကွင်းအမှတ် (၆၇(ခ)၊ ၆၈)၌ စက်မှုလယ်ယာဦးစီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် စနစ်ကျလယ်မြေဧက ၁၄၀ ဖော်ထုတ်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများတွင်ကျယ်စွာ အသုံးပြုစိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆွေးနွေးမှာကြား

ထို့နောက် ဒုတိယဝန်ကြီးသည် အောင်ပန်းမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန၏ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်းကောင်း၍ ကုန်းမြင့်ဒေသနှင့်သင့်လျော်သော အစေ့ထုတ်ပြောင်း၊ ယာစပါး၊ ပဲပုပ်နှင့် ဂျုံသီးနှံ မျိုးကောင်းမျိုးသန့်များ မွေးမြူဖော်ထုတ်ရန်၊ ဒေသနှင့်သင့်လျော်သော မိုးခေါင်ဒဏ်၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသည့် အထွက်နှုန်းကောင်း စပ်မျိုးပြောင်းမျိုးနှင့် ပဲပုပ်၊ ယာစပါးမျိုးများ မွေးမြူရွေးချယ်ရန်၊ ထုတ်ဝေပြီးသောမျိုးများနှင့် အကျိုးအမြတ်အများဆုံးရရှိစေမည့် စိုက်နည်းစနစ်များရှာဖွေရန်၊ ဖော်ထုတ်ရရှိသော မျိုးနှင့်နည်းပညာများကို တောင်သူများထံ အသိပေးအသုံးချစေရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။