အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်သူများပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်

နေပြည်တော် မေ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် “တောင်သူများပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်များကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မျိုးစပ်မွေးမြူထားသော စပါးသားဆက်လိုင်းများ၏ အရည်အချင်းလက္ခဏာများကို အကဲဖြတ်ခြင်း၊ စပါးမျိုးကောင်းများ ရွေးချယ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးသူတောင်သူများ ကိုယ်တိုင် ကျွမ်းကျင်စွာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသ၊ မြို့နယ်အလိုက် အထွက်နှုန်းမြင့်မားသည့် မျိုးကောင်းမျိုးသန့်များ မွေးမြူရရှိနိုင်ကြောင်း၊ မျိုး မွေးမြူရေး ဆောင်ရွက်ရာတွင် မှန်ကန်သောမိဘလိုင်းများ ရွေးချယ်နိုင်ခြင်းသည် မျိုးမွေးမြူရေး အောင်မြင်မှုအတွက် သော့ချက်များဖြစ်ကြောင်း၊ မျိုးမွေးမြူရာတွင် နည်းလမ်း များစွာရှိသည့်အနက် သက်တမ်း၊ အပင်အမြင့်၊ ကြီးထွားမှုအစရှိသည့် ရုပ်သွင်ပြင်လက္ခဏာတူရာ တူရာကို စုပေါင်းရွေးချယ်ခြင်း နည်းလမ်းသည် တောင်သူများ အလွယ်တကူဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်ကြောင်း၊ မျိုးစပ်မွေးမြူရေး ပညာရပ်များကိုတောင်သူများ အလွယ်တကူသိရှိ နားလည်ရန် သက်ဆိုင်ရာဌာနများပူးပေါင်း၍ နည်းပညာပေးရန်လိုအပ်ကြောင်း၊ အထွက်ကောင်းရန်အတွက် တစ်ဧကပါဝင်သည့် အပင်ဦးရေအပြည့်အဝရရှိပြီး ပင်ပွားအပွင့်အသီးစသည့် ကောင်းမွန်သည့် အရည်အချင်းလက္ခဏာများ ပြည့်စုံမှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း အထက်ရရှိသော တောင်သူဦးရေ တိုးတက်များပြားအောင် လုပ်ဆောင်ကြရန်နှင့် တောင်သူများကိုယ်တိုင်ပူးပေါင်းပါဝင်သော မျိုးစပ်မွေးမြူသည့် ပညာရပ်များကို တောင်သူအကြိုက်မျိုးများဖြင့် စမ်းသပ်လုပ်ဆောင်ကြရန်လိုကြောင်း၊၊

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တတ်မြောက်သည့် နည်းပညာရပ်များ၊ အသိပညာများကို တောင်သူများထံ ဖြန့်ဝေပေးသကဲ့သို့ တောင်သူကြီးများတတ်မြောက်ထားသည့် မိရိုးဖလာဗဟုသုတများ၊ အတတ်ပညာများကိုလည်း ပူးပေါင်းဖလှယ်သွားကြရန်လိုကြောင်း၊ တောင်သူများအစုအဖွဲ့များဖွဲ့စည်း၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ် အလိုက်မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ အလားတူတောင်သူများ၏ စက်ကိရိယာလိုအပ်ချက်များဖြည့်ဆည်း နိုင်ရေးကိုသက်ဆိုင်ရာ ဌာနတာဝန်ရှိသူအနေဖြင့် နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

တောင်သူများပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။