အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် Orchard Co.,Ltd. ၏ ငါးကျည်း၊ ငါးတန်၊ ငါးမြစ်ချင်းများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေလုပ်သားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားစေရေး၊ ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေး၊ ငါးဖမ်းထုတ်လုပ်မှုသာမက မွေးမြူထုတ်လုပ်ရေးကို အလေးပေး ဆောင်ရွက်ရန်၊ မွေးမြူထုတ်လုပ်သူများ အနေဖြင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) များနှင့်အညီ ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ငါးမွေးမြူထားရှိမှုနှင့် နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခတ္ထိယကျေးရွာတွင် ဝါဝါဝင်းကုမ္ပဏီလီမိတက်က လုပ်ကိုင်လျက်ရှိသည့် နို့စားနွားမွေးမြူရေးလုပ်ငန်း၊ နို့နှင့်နို့ထွက် ပစ္စည်း ထုတ်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆွေးနွေးမှာကြား

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ် GLOBAL EARTH ကုမ္ပဏီငါးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ထူးထက်ဟန် ကုမ္ပဏီလီမိတက်၏ CP အသားတိုးဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ စျေးကွက်သို့ တင်ပို့ရောင်းချနေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးခြံ ၁၂ ခြံ တိုးချဲ့ပြီး အကောင်ရေ ၇၈၀၀ တိုးချဲ့မွေးမြူမည့် အစီအစဉ်များကို ကြည့်ရှုအားပေးသည်။

ဒုတိယဝန်ကြီးသည် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး/ခရိုင် အဆင့်တာဝန်ရှိသူများ၊ ဝန်ထမ်းအိမ်ရာစီမံခန့်ခွဲရေးအဖွဲ့များနှင့်တွေ့ဆုံ၍ လက်ရှိနေထိုင်သည့် ဝန်ထမ်းအင်အား၊ ပြုပြင်ရမည့်အိမ်ရာများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။