အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် (၄၅)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

     (၄၅) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

      ဖွင့်ပွဲအခမ်းအနားတွင် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Chan Foong Hin က အဖွင့်အမှာစကားပြောကြားပြီး (၄၅) ကြိမ်မြောက်အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။

      (၄၅) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး (Forty-FifthMeeting of the ASEAN Ministers on Agriculture and Forestry - 45th AMAF)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးပြောကြားရာ၌ မလေးရှားနိုင်ငံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ သဘာပတိကတင်ပြခဲ့သော ပြီးပြည့်စုံသောအစီရင်ခံစာအပေါ် အားရကျေနပ်မိကြောင်း၊ အစီရင်ခံစာတွင်ဖော်ပြပါရှိသော စားရေရိက္ခာ၊ စိုက်ပျိုးရေး သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းမွန်သောရလဒ်များ ရရှိခဲ့သည့်အတွက် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုကြောင်း၊ အာဆီယံနိုင်ငံများ၏ စားရေရိက္ခာ၊ စိုက်ပျိုးရေး သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ အီတလီ စသည့်ဆွေးနွေးဖက်နိုင်ငံများ၊ ဥရောပသမဂ္ဂ၊ နိုင်ငံတကာ စိုက်ပျိုးရေးသုတေသနဆိုင်ရာ အကြံပေးအဖွဲ့-CGIAR ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ အာဆီယံအဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေး သဘာပတိက တင်ပြခဲ့သော အစီရင်ခံစာနှင့် အကြံပြု ချက်များကို လက်ခံအတည်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

     အဆိုပါ အစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးများမှ ထွက်ပေါ်လာသောရလဒ်များ၊ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှု မူဝါဒမူဘောင်အရ အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးကြသည်။

     ထို့ပြင် အစည်းအဝေးတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု၏အရေးပါမှုကို အသိအမှတ်ပြုပြီး စိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် ဒေသတွင်း အခွင့်အလမ်းများကို ဆုပ်ကိုင်ရန် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးကာ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိကဝတ်ပြုကြသည်။

     ထို့အတူ ၂၀၂၂ ခုနှစ် -၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများအတွက် အဓိကဦးစားပေး လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများကို မှတ်တမ်းတင်ခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများအတွက် အဓိကဦးစားပေး လုပ်ငန်းစဉ် သုံးခုဖြစ်သော ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော အရေပြားအကျိတ်ရောင်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ငါး၊ ပုစွန်များတွင် ဖြစ်ပေါ်တတ်သော ဗက်တီးရီးယားပိုးမွှားရောဂါများ၌ ပိုးသတ်ဆေးယဉ်ပါးမှုကို စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်း လမ်းညွှန်ချက်၊ အာဆီယံဒေသတွင်း တောတောင် မြေယာရှုခင်းစနစ်တွင် ဒေသခံများ၏ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ဒေသခံ များထံမှ လွတ်လပ်စွာကြိုတင် အသိပေးသဘောတူညီမှုရယူသည့် စနစ်ဆိုင်ရာ လက်စွဲစာအုပ်၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း အဆိုပြုသည့် စီးပွားရေးဆိုင်ရာ အဓိကဦးစားပေး လုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး ဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များနှင့် မဟာဗျူဟာများဆိုင်ရာ လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း၊ အာဆီယံဒေသတွင်း ကာဗွန်ထုတ်လွှတ်မှု လျော့နည်းရေးဆိုင်ရာ မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် သီးနှံစွန့်ပစ်အမှိုက်များ မီးရှို့မှုလျှော့ချရေး လမ်းညွှန်ချက်တို့ကို အတည်ပြုခဲ့ကြသည်။

     ထို့နောက် (၄၅)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

Source : မြန်မာ့အလင်းသတင်းစာ