အဓိကအကြောင်းအရာသို့ သွားမည်
x

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

     နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီထုတ်လုပ်တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိနိုင်မှုနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာကောင်းများကို မှန်းဆပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအပေါ် ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်၏ စံသတ်မှတ်ချက်များ၊ ကုန်သွယ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများအပါအဝင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခြေအနေများအပေါ် ကော်ဖီတောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီအသင်းအဖွဲ့များအနေဖြင့် မှန်ကန်မျှတစွာ ရှုမြင်သုံးသပ်ပြီး မိမိတို့၏ ရေရှည်အကျိုး စီးပွားဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE နိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁၁၀၀ ခန့် တင်ပို့ရောင်းချခဲ့ကြောင်း၊ ကော်ဖီ တင်သွင်းမှုအနေဖြင့် ကော်ဖီစေ့၊ Coffee Mix နှင့် Coffee Powder ပုံစံသုံးမျိုးဖြင့် တင်သွင်းလျက်ရှိပြီး Coffee Mix တန် ၁၂၅၀ခန့်နှင့် Coffee Powder တန် ၄၅၀၀ခန့် တင်သွင်းခဲ့သည်ကို အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရကြောင်း။

     ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံ၊ ဟိုပုံး၊ ပင်လောင်းဒေသများမှ  စိုက်ပျိုးထွက်ရှိသည့် မြန်မာ့အာရေးဗီးကားကော်ဖီသည် အထူးတန်းဝင်ကော်ဖီအဆင့်ရခဲ့မှုနှင့်အတူ အထိုက်အလျောက် မြင့်မားသော ကော်ဖီစျေးနှုန်းများရရှိနေပြီဖြစ်၍ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးအမြတ်ဖြစ်ထွန်းလာလျက်ရှိကြောင်း။

   ယခုအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းနှင့်အတူ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၌ ဝန်ကြီးဌာန၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်းနှင့် ကော်ဖီအစုအဖွဲ့များမှ ကော်ဖီလုပ်ငန်းရှင်များ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မှု မြှင့်တင်နိုင်မည့်အခွင့်အလမ်းများ ဖော်ထုတ်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

   ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူးက ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကို တင်ပြဆွေးနွေးသည်။

     ဆက်လက်၍  မြန်မာနိုင်ငံကော်ဖီအသင်း နာယကနှင့် မြန်မာနိုင်ငံကော်ဖီအသင်း အစုအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံကော်ဖီအသင်း လက်ရှိဆောင်ရွက်နေမှုနှင့် ကော်ဖီတန်ဖိုးမြှင့်ကွင်းဆက်၊ ပို့ကုန် မြှင့်တင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး ကော်ဖီထုတ်လုပ်မှု၊ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

  အုပ်စုအလိုက်ဆွေးနွေးခြင်းအစီအစဉ်တွင် ပြည်တွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် စိုက်ပျိုးပညာပေးရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ ကော်ဖီကြိတ်ခွဲ ထုတ်လုပ်ခြင်း၊ သောက်သုံးမှုအရည်အသွေးစမ်းသပ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ပြည်တွင်းကော်ဖီသောက်သုံးမှုနှင့် ပြည်ပကုန်သွယ်မှုအခြေအနေ၊ မူပိုင်ခွင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

      ယနေ့ကျင်းပသည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး  အလုပ်ရုံဆွေးနွေးပွဲတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို စနစ်တကျကျင့်သုံးနိုင်ရေး၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး၊ လက်ရှိကော်ဖီစျေးကွက်အခြေအနေ၊ ကော်ဖီစိုက်တောင်သူများ ကြုံတွေ့နေရသည့်အခက်အခဲ၊ ကော်ဖီတန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ ပြုပြင်ကြိတ်ခွဲမှုအပါအဝင် ဈေးကွက်ရောက်သည်အထိ ကြုံတွေ့ရသည့်အခက်အခဲ၊ နည်းပညာလိုအပ်ချက်များကို ထည့်သွင်းဆွေးနွေးကြပြီး စီးပွားရေးပညာရှင်များကလည်း တန်ဖိုးမြှင့်ထုတ်ကုန်အတွက် စီးပွားရေး ရှုထောင့်အမြင်များဖြင့် အကြံပြုဆွေးနွေးခဲ့ကြပြီး ဆက်လက်၍လည်း ကော်ဖီစိုက်တောင်သူအများစု ရှိရာဒေသများတွင် ယခုထက် ပိုမိုလက်တွေ့ကျသည့် ကော်ဖီဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   

 

Source : ကြေးမုံသတင်းစာ