အဓိကအကြောင်းအရာသို့ သွားမည်
x

စပါးသီးနှံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ပုဂ္ဂလိက ကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လိုအပ်

ပြည်တွင်း/ပြည်ပဈေးကွက်အတွက် အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိသော စပါးသီးနှံ၏ အထွက်နှုန်း၊ အရည်အသွေးနှင့် အာဟာရ ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ စပါးသီးနှံ မျိုးမွေးမြူခြင်း လုပ်ငန်းများ၊ ဗီဇသန့်စင်သော မျိုးကောင်းမျိုးသန့်ထိန်းသိမ်းခြင်း လုပ်ငန်း များ အား လေ့လာရန် မြန်မာ့ဆန်စပါး ညီလာခံ- ၂၀၂၂ သို့တက်ရောက်လာကြသော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုး ထုတ်လုပ် သူများ အသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ လ (၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာန စိုက်ကွင်းများ အား သွားရောက်လေ့လာကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဖြည့်စွက်ဆွေးနွေးသည်။

စိုက်ကွင်းရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း က စပါးသီးနှံ မိဘမျိုးစေ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်များ နှင့် ၂၀၁၆ခုနှစ်မှ ၂၀၂၂ခုနှစ် အတွင်း မိဘမျိုးစေ့ဖြန့်ဝေမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး  က ဆွေးနွေးပြောကြားရာတွင် ဘဏ္ဍာရန်ပုံငွေရရှိမှု အပေါ် မူတည်၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သော သုတေသန လုပ်ငန်းများကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန က ဆောင်ရွက်ခြင်းဖြစ်၍ မိဘမျိုးစေ့ (Breeder Seed) ကို အဓိက ထုတ်လုပ်ပေးပြီး စိုက်ပျိုးရေး ဦးစီးဌာန အောက်ရှိ မျိုးစေ့ဌာနခွဲ၏ မျိုးသန့် မျိုးပွားခြံများမှ ဆင့်ပွားမျိုးစေ့(Foundation Seed)နှင့် မျိုးသန့်မျိုးပွား မျိုးစေ့(Registered Seed)  အဆင့်အထိသာ ထုတ်လုပ်ပေးနေခြင်း ဖြစ်ကြောင်း၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed) ဖြစ်သော ရောင်းချရန် မျိုးစေ့ F-1 ထုတ်လုပ်ခြင်းကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ နှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်း ဆောင်ရွက် သွားရန်လိုကြောင်း၊ သို့မှသာ မျိုးစေ့စီးဆင်းမှုလမ်းကြောင်း မှန်ကန်စေပြီး ပြည်တွင်း ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု ဧရိယာများအားလုံး မျိုးကောင်းမျိုးသန့်သုံးစွဲမှု လွှမ်းခြုံနိုင်မှာ ဖြစ်ပါကြောင်း၊ နည်းပညာ နှင့် ပညာရှင်လူ့စွမ်းအား အရင်းအမြစ်ရှိသော မိမိတို့ ဝန်ကြီးဌာန နှင့် အရင်းအနှီး ရှိနေသော ပုဂ္ဂလိကအသင်းအဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး တိုးမြှင့် ဆောင်ရွက်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိရာ ကျရာ အခန်း ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၏ လိုအပ်ချက်အရ စိုက်ပျိုးရေးသုတေသနဦးစီးဌာန က မိဘမျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးထားရှိသော ထွန်းပု ၊ ဆင်းသုခ၊ ကရင်မထိပ်ဆောင်း၊ ငစိန်ရာကျော်မျိုးများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ ရာသီအလိုက် သီးပွင့်မှုမှ သက်တမ်းအလိုက် သီးပွင့်သောမျိုးများအဖြစ် ဇီဝနည်းပညာအသုံးပြု ပြောင်းလဲထားသော ပေါ်ဆန်းမွှေး နှင့် အင်းမရဲဘော် စပါးမျိုးများ မျိုးပွားစိုက်ခင်းကိုလည်းကောင်း၊ အခြားသော ရာသီစပါးမျိုးများ ဒေသစပါးမျိုးများ မျိုးသန့်မျိုးပွားခြင်းစိုက်ခင်းများ၊ မျိုးထိန်းစိုက်ခင်းများကို လည်းကောင်း ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

စိုက်ပျိုးရေး သုတေသနဦးစီးဌာန အနေဖြင့် ၁၉၅၅ ခုနှစ်မှ ၂၀၁၄အထိ စပါးသီးနှံမိဘမျိုး (၁၅) မျိုး ကိုထုတ်လုပ်ပေးခဲ့ပြီး၊ ဆည်ရေသောက်စပါး(၃၃)မျိုး၊ မိုးရေသောက်စပါး((၃၆)မျိုး၊ ရေငတ်ခံစပါး (၈)မျိုး ၊ ရေအနည်းလိုစပါး(၉)မျိုး၊ တောင်ပေါ်ယာစပါး(၇)မျိုး၊ ရေနက်စပါး(၈)မျိုး၊ ရေမြုပ်ခံစပါး (၃)မျိုး၊ ဆားငန်ခံစပါး(၉)မျိုး၊ အရည်အသွေးကောင်းစပါး(၁၄)မျိုး၊ ရေနေခံ(၁)မျိုး စုစုပေါင်း စပါးသီးနှံမျိုးစပါး(၁၂၈)မျိုး ကို ထုတ်ဝေပေးပြီးဖြစ်ကြောင်း၊ ဒေသစပါးမျိုးများဆိုင်ရာ သုတေသန လုပ်ငန်းနှင့် မျိုးထုတ်ခြင်းလုပ်ငန်းကို သက်ဆိုင်ရာဒေသများရှိ သုတေသနခြံတွင်ဆောင်ရွက်လျက်ရှိ ပြီး ပြည်ပဈေးကွက်က တောင်းဆိုမှုရှိသော စပါးမျိုးများတိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်သော မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် မျိုးသန့်မျိုးပွားခြင်းကို စိုက်ပျိုးရေးဦးစီးဌာန နှင့် ပုဂ္ဂလိကမျိုးစေ့ အသင်းအဖွဲ့များ၊ မျိုးစေ့လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။