အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇွန်လ(၂၅)ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ မွေးမြူရေးသုတေသနဦးစီးဌာန ၏ မွေးမြူရေးတိရစ္ဆာန် မျိုးရင်းမျိုးစစ်များ ထိန်းသိမ်းခြင်း နှင့် စီမံခန့်ခွဲခြင်း၊ မျိုးထိန်း မျိုး ပွားခြင်း ၊ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ခြင်း၊ အစာအာဟာရဖွံ့ဖြိုးရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း ကုသခြင်းဆိုင်ရာ လက်တွေ့ အသုံးချနိုင်သည့် နည်းပညာရပ်များနှင့် တီထွင်ဆန်းသစ်မှုများ ရရှိစေရန်အတွက် သုတေသန ပြုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

     သုတေသနပညာရှင်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က မွေးမြူရေးနှင့် ရေထွက်ကုန် ပစ္စည်းများကို စျေးကွက်ဝင် အရည်အသွေး မြင့်မားသည့် ထုတ်ကုန်များ အဖြစ် တိုးမြှင့် ထုတ်လုပ် နိုင်ရေး အတွက် အသုံးချသုတေသနလုပ်ငန်းများ အလေးထားဆောင်ရွက်ရန် နှင့် စျေးကွက် ဆိုင်ရာ သုတေသနပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

     အလားတူ တပ်ကုန်းမြို့နယ် တိရစ္ဆာန်ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေး ဌာနခွဲသို့ရောက်ရှိကြပြီး နှစ်အလိုက် တိရစ္ဆာန် ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု အခြေအနေများ ၊ BSL-2 ခွာနာလျှာနာရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၏ လုပ်ဆောင်ချက်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ကာကွယ်ဆေး ထုတ်လုပ်ခြင်း ဆိုင်ရာ လုပ်ငန်းများ၊ သွေးရည်ကြည် နမူနာ စစ်ဆေးခြင်း ဆိုင်ရာလုပ်ငန်းများ၊ ခွာနာလျှာနာရောဂါ စူးစမ်းထောက်လှမ်းခြင်း လုပ်ငန်းများနှင့် တိရစ္ဆာန် အစာပင်မျိုး ထုတ်လုပ်မှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း က ရှင်းလင်း တင်ပြသည်။

     တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြေမပြတ် စောင့်ကြည် ကာကွယ်ရန်လိုအပ်ချက်များ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP ကို တိုးချဲ့ပညာပေးရန်၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန်နှင့် ထိန်းချုပ် ရေးဇုန် တည်ထောင်ခြင်း လုပ်ငန်းများနယ်မြေဒေသအလိုက် တည်ထောင်ရန်လိုအပ်ချက်များ၊ ဓာတ်ခွဲခန်း အရည် အသွေး ကောင်းမွန်ရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

     ဆက်လက်၍ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းရွာအနီးရှိ ငလိုက်ရေလှောင်တမံ ၏ ဆည်ဝင်ရောက်မှုအခြေအနေ၊ တမံကြံ့ခိုင်မှု အခြေအနေ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများ ၊ ရေပိုလွှဲပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေများ ကို ကြည့်ရှု စစ်ဆေးသည်။

     ငလိုက်ရေလှောင်တမံသည် နေပြည်တော်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ဒေသ သောက်သုံးရေအတွက် အကျိုးပြုလျက်ရှိရာ ရေအရည်အသွေး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စူးစမ်းလေ့လာရေးဌာနခွဲ က သုံးလ(၁)ကြိမ် စစ်ဆေးခြင်း လုပ်ငန်း  ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆည်ရေ အပြည့်အဝ သိုလှောင်နိုင်ရေးအတွက် ရေဝပ်ဧရိယာ အတွင်း သဲနုန်းများ ဝင်ရောက်မှု စူးစမ်း လေ့လာခြင်း၊ ရေဝပ်ဧရိယာ ပြန်လည်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။