အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုး မွေးမြူရေး အခြေခံသော ဒေသစီးပွားရေးဖွံ့ဖြိုးမှု ဆွေးနွေးပွဲတွင် အမှာစကားပြောကြား

ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ စီးပွားရေးကောင်းမွန်ရန်လိုကြောင်း၊ စီးပွားရေး ကောင်းမွန်ပါက လူနေမှု အဆင့်အတန်း မြင့်မား လာစေပြီး အခြားအခက်အခဲများကို ကျော်ဖြတ်ရန် လွယ်ကူနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသည့် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဇွန်လ(၂၂)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့် ခန်းမ ဆောင်၌ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ကိုယ်စားလှယ်အဖွဲ့ နှင့် စိုက်ပျိုး မွေးမြူရေး အခြေခံသော ဒေသ စီးပွားရေး ဖွံ့ဖြိုးမှု ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

     တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ကြသည်။

     တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ဒေသခံတောင်သူ များ အနေဖြင့် မိမိတို့ရေမြေတွင် ဖြစ်ထွန်း အောင်မြင် သည့် သီးနှံကို စုပေါင်းစိုက်ပျိုး၍ ဈေးကွက်ဝေစု ရနိုင်သော ထုတ်လုပ်မှုဖြစ်စေရေး ကြိုးပမ်းကြစေလိုကြောင်း၊  ဈေးကွက်ဝင် ဈေးကောင်းရ တန်ဖိုးမြင့်သီးနှံများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း နှင့် တိရိစ္ဆာန် မွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာ နှင့် လိုအပ်ချက် များ ကူညီပေးနိုင်ရေး၊ ပြောင်းဖူး စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော အခြောက်ခံစနစ်၊ သိုလှောင်ထိန်းသိမ်းနည်း ၊ ကုန်ချော ထုတ်လုပ်နည်းပညာများ အသုံးပြုနိုင်ရေးအပြင် စိတ်ဝင်စားသည့် ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်နိုင်ရေး တို့ကို ချိတ်ဆက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ဒေသ၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရာသီသီးနှံ နှင့် သစ်သီးဝလံများအပြင် မြေပြန့် ကော်ဖီ နှင့် ကိုကိုးသီးနှံကဲ့သို့သော နှစ်ရှည်သီးနှံများစီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လိုပါက မြေယာအသုံးပြုခွင့်၊ မျိုးရရှိရေး နှင့် နည်းပညာ အကူအညီ များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ကိရိယာများကို အမှတ်တရလက်ဆောင် အဖြစ် ပေးအပ်ရာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ကိုယ်စားလှယ်အဖွဲ့ဝင်များက လက်ခံရယူကြသည်။

     ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေး မှူးချုပ်များ က ဒေသဖွံ့ဖြိုးရေး နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ကူညီပေးနိုင်မည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပြီး ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA) ကိုယ်စားလှယ်အဖွဲ့ဝင်များ ၏ လိုအပ်ချက်တင်ပြဆွေးနွေးလာမှုများ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ အား နှစ်ဘက်ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။