အဓိကအကြောင်းအရာသို့ သွားမည်
x

ဆည်ရေသောက်ဧရိယာများ သီးနှံစိုက်စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်

ဆည်ရေသောက်ဧရိယာများ သီးနှံစိုက်စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဈေးကွက် လိုအပ်ချက်ရှိနေပြီး တောင်သူ အကျိုးအမြတ် ပိုမိုရရှိ စေမည့်  သီးနှံအထွက်နှုန်းရရှိစေရေး အတွက် မျိုးနှင့် နည်းပညာအပါအဝင် လိုအပ်ချက်များကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့များ၏ လုပ်ငန်းတာဝန်များ တွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြစေ လိုကြောင်း ၊ မြေဆီလွှာကြံ့ခိုင်မှုထိန်းသိမ်းရေး အတွက် သစ်စိမ်းမြေဩဇာအသုံးပြုခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း ၊တောင်သူများ ဝင်ငွေတိုးတက်ရရှိရေး အတွက် ရေဖူလုံစွာရရှိသည့် ဆည်ရေသောက်ဧရိယာများတွင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရန် သက်တမ်းတို အရည်အသွေးမြင့် သီးနှံများရွေးချယ်စိုက်ပျိုး ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများက အနီးကပ် ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း မတ်လ (၁၂)ရက်နေ့ ညနေပိုင်းက ပဲခူးရိုးမ အ​ရှေ့ခြမ်းရှိ ခပေါင်းရေလှောင်တမံ၏ လက်ယာတူးမြောင်းမကြီး ဆည်ရေသောက် ရေအသုံးချသူများအဖွဲ့များ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြားသည်။

     ပဲခူးရိုးမအရှေ့ခြမ်း ဆည်အစုအဖွဲ့များဖြစ်သော ဆွာ၊ ခပေါင်း၊ ဖြူး၊ ရဲနွယ်၊ ဘိုင်းဒါး၊ ကောလိယ၊ ဘောနီ၊ ပျဉ်ပုံကြီးနှင့် ဝါးကတုတ် ရေလှောင်တမံများ မှ ယင်းတို့၏ ဆည်ရေသောက်များကို ရေပေးဝေလျက်ရှိရာ ယနေ့အထိ စိုက်ပျိုးပြီး ဧရိယာ ဧက ၇၀၀၀၀ ကျော် ရှိကြောင်း၊ အဆိုပါဆည်ရေသောက်ဧရိယာနှင့် ဆက်စပ်လျက်ရှိသည့် ပဲခူးမြစ်၏ လက်တက်များပေါ်ရှိ စလူ၊ ရွှေလောင်းနှင့် ကိုဒူကွဲရေလှောင်တမံများ မှရေများကို ဇောင်းတူ ရေလွှဲဆည်မှတဆင့် ရေသောက်ဧရိယာ ဧက ၆၅၀၀ ကျော် ကို အကျိုးပြုလျက် ရှိကြောင်း၊ ဆည်ရေများလေလွင့်မှု မရှိစေရေးနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ပဲခူးရိုးမအရှေ့ခြမ်း ဆည်အစုအဖွဲ့များ၏ ရေသောက်စနစ် အတွင်း ၌ ရေအသုံးချသူများအဖွဲ့Water User Group (WUG)  ၅၉ ဖွဲ့ ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကာ ဘိုင်းဒါးဆည်ရေ သောက် ဧရိယာ၌ ရေအသုံးချသူများအသင်း Water User Association (WUA) အဖွဲ့ (၂) ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၊ ဆက်လက် ၍လည်း ရေအသုံးချသူများ အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။