အဓိကအကြောင်းအရာသို့ သွားမည်
x

၆၂) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ စာတမ်းတင်သွင်း ဖတ်ကြားခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) နေ့၌ နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ (၆၂) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း(၁၆)စောင်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ စာတမ်းရှင်များနှင့် မိတ်ဖက်ဌာနများဖြစ်သော ကျိုင်းတုံတက္ကသိုလ် (ပထဝီဝင်ဌာန)၊ ရန်ကုန်တက္ကသိုလ် (ပထဝီဝင်ဌာန)၊ လားရှိုးတက္ကသိုလ် (ဓါတုဗေဒဌာန)နှင့် နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန(ရေဆင်း)တို့မှ စာတမ်းရှင်များမှ ဖတ်ကြား ခဲ့ပါသည်။အဆိုပါစာတမ်းဖတ်ပွဲ တွင် စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၊ စိုက်ပျိုးရေး သဘာဝအရင်းအမြစ်များ လေ့လာရေးဌာနစုမှ စာတမ်းရှင် ဉီးကျော်မြိုင် မှ “မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနခြံများ၏ နှစ် (၃၀) အတွင်းအပူချိန်နှင့်မိုးရွာသွန်းမှုပြောင်းလဲခြင်း အခြေအနေများကို လေ့လာခြင်း”(Rainfall and Temperature Variation in different Agricultural Research Farms in Myanmar) ခေါင်းစဉ်ဖြင့် Zoom Meeting မှတဆင့် ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။စာတမ်းရှင်အနေဖြင့် စိုက်ပျိုးရေးသုတေသနဉီးစီးဌာန၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိသည့် လိုက်လျောညီထွေဖြစ်စေမည့် သီးနှံမျိုးများဖြစ်ထွန်းလာစေရန်အတွက် မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးလေဝသနှင့် ရာသီဥတုပြောင်းလဲမှု အခြေအနေများကို စဉ်ဆက်မပြတ်လေ့လာနေရန် အရေးကြီးလှပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သီးနှံဖွံ့ဖြိုးကြီးထွားမှုနှင့် စိုက်ပျိုးရေရရှိမှုတို့အပေါ် အကျိုးသက်ရောက်မှုများ ရှိနိုင်ပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အပေါ်တွင် အဓိကထိခိုက်ဆုံးရှုံးနိုင်သဖြင့် ပိုမိုသတိထားရမည် ဖြစ်ပါကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် မိုးလေဝသနှင့် ရာသီဥတုအပေါ်တွင် များစွာမူတည်လျက်ရှိရာ ရာသီအလိုက်နှစ်အလိုက် ရာသီဥတုအပြောင်းအလဲများကြောင့် သီးနှံအထွက်နှုန်းအပေါ် သက်ရောက်မှုများကို သိရှိနားလည်ထားခြင်းအားဖြင့် စိုက်ပျိုးရေးစီမံချက်များ ဆောင်ရွက်ရာ၌ အထောက်အကူပြုနိုင်သကဲ့သို့ ရာသီဥတုပြောင်းလဲမှုများ၏ သက်ရောက်မှုများကို လေ့လာရာတွင် မရှိမဖြစ် အရေးပါလှပါကြောင်း၊ ကာလရှည်မိုးလေဝသသတင်းအချက်အလက်များသည် ဒေသအတွင်းဖြစ်လေ့ရှိသော ရာသီဥတုဖြစ်စဉ်များကို ခြေရာခံရာ၌အသုံးဝင်ပါကြောင်း၊ ဤသို့ဖြစ်လေ့ဖြစ်ထရှိသော အချက်များ၊ ဒေသအလိုက်ဖြစ်တည်နေသည့့် အခြေအနေများကိုသိထားပြီး စိုက်ပျိုးရေးအတွက် နောက်ထပ်ပြန်လည်ဖြစ်လာနိုင်သည့် အခြေအနေများကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ ဖြစ်ပေါ်နိုင်သော ရာသီဥတုပေါ်မူတည်ပြီး သင့်လျော်သောသီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် သုတေသနဆောင်ရွက်ခဲ့ရသည့် အကြောင်းရင်းများနှင့်ဆက်စပ်၍တင်ပြခဲ့ပါသည်။အဆိုပါအကြောင်းရင်းများပေါ်မူတည်ကာ စိုက်ပျိုးရေးသုတေသနဉီးစီးဌာနတွင် crop model များကိုသုံးပြီး အထွက်နှုန်းကြိုတင်ခန့် မှန်းနိုင်သော သုတေသနများကို စတင်ဆောင်ရွက်နေရာ ဒေသတစ်ခု၏မိုးလေဝသနှင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး သီးနှံဖွံ့ဖြိုးကြီးထွားမှုကို လေ့လာ၍ စားနပ်ရိက္ခာထုတ်လုပ်မှုကို ကြိုတင်ခန့်မှန်းနိုင်စေရန်ရည်ရွယ် ကာဤသုတေသနအားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤသုတေသနအား မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနခြံများ၏ နှစ် (၃၀) အတွင်း အပူချိန်နှင့် မိုးရွာသွန်းမှုပြောင်းလဲခြင်း အခြေအနေများကိုလေ့လာရန် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါသုတေတေသနအားဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟစနစ်အမျိုးမျိုးတွင် တည်ရှိသော စိုက်ပျိုးရေးသုတေ သနဦးစီးဌာနရှိ နယ်သီးနှံသုတေသနဗဟိုဌာန (၂)ခု ၊ ဒေသသုတေသနဗဟိုဌာန (၅) ခု၊ စိုက်ပျိုးရေးသုတေသနခြံ (၁၈) ခု နှင့် သုတေသနစခန်း (၄) ခု စုစုပေါင်း (၂၉) ခုတို့မှ ၁၉၉၁ - ၂၀၂၀ အထိ နှစ် (၃၀) စာနေ့စဉ် အနိမ့်ဆုံးအပူချိန်၊ အမြင့်ဆုံးအပူချိန်၊ မိုးရွာသွန်းမှု မှတ်တမ်းများကို ခြံ၏တည်နေရာ (လတ္တီကျု၊ လောင်ဂျီကျု) ပေါ်မူတည်ပြီး NASA POWER မှ မှတ်တမ်းရယူခဲ့ပြီး နှစ်(၃၀) စာ ပျမ်းမျှ နှစ်စဉ်မိုးလေဝသမှတ်တမ်းများကို နှိုင်းယှဉ် လေ့လာခဲ့ ခြင်းဖြစ်ပါသည်။

သုတေသနတွေ့ရှိချက်များကို တင်ပြရာတွင် စာတမ်းရှင်က မိုးရွာသွန်းမှုနှင့် အပူချိန်အခြေအနေများသည် ဒေသအလိုက် အချိန်ကာလအလိုက် ကွာခြားမှုရှိပါကြောင်း၊ နေ့နှင့်ည အပူချိန်ကွာခြားမှု၊ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်ကွာဟချက်သည် မြန်မာနိုင်ငံအလယ်ပိုင်း နှင့် ကုန်းတွင်းပိုင်းဒေသများတွင် ပိုကျယ်သည်ကိုတွေ့ရပြီး မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ကွာဟချက် ကျဉ်းမြောင်းပါကြောင်း၊ တစ်နှစ်တာအတွင်း ရရှိသောမိုးရေချိန်ပမာဏပေါ်မူတည်ပြီး မိုးရွာသွန်းမှုဒေသများ ခွဲခြားရာတွင် ရမည်းသင်း၊ ကျောက်တံတား၊ ကျောက်ဆည်၊ မြစ်သား၊ မကွေး၊ ညောင်ဦး၊ ဇလုပ်နှင့် မြင်းခြံ သုတေသနခြံများသည် Semid-arid Area ၊ ပန်းကုန်း၊ ကင်ပွန်းတောင်၊ ကျိုးတုံ၊ တပ်ကုန်း၊ လွိုင်ကော် သုတေသနခြံများသည် Sub-humid Area၊ မိုးညှင်း၊ ထုံးဘို၊ နောင်မွန်၊ တာယော၊ သဲကုန်း၊ ရေဆင်းဒေသများသည် Humid Area၊ ကျောက်မဲစိုက်ပျိုးရေးသုတေသနခြံသည် Wet Area၊ အဇင်း၂၊ ထားဝယ်၊ ဗြောင်းဘွေ၊ ကမော့ကပို၊ ဘော်ခွီး၊ မြောင်းမြ၊ မှော်ဘီ၊ အောင်ပန်း၊ လက်ပံတန်း ခြံများသည် Very Wet Area များအဖြစ် ခွဲခြားသတ်မှတ်နိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့အပြင်တစ်နှစ်တာပျမ်းမျှမိုးရွာသွန်းရက်များသည် ခြံအလိုက်ကွာခြားမှုရှိပြီး အနည်းဆုံး ၉၄ ရက်မှ အများဆုံး ၁၆၄ ရက်အထိတွေ့ရှိရပါကြောင်း၊ အောင်ပန်းခြံ၏ မိုးရွာသွန်းမှုသည် နှစ်အလိုက်သိသာစွာကွဲပြားခြားနားမှုရှိပြီး မိုးရေချိန်သည် (၂၀၀၁) ခုနှစ် နောက်ပိုင်းနှစ်များတွင် လျော့နည်းလာပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် (၂၀၀၇) နှင့် (၂၀၁၁) ခုနှစ်များသည် မိုးများသောနှစ်များဖြစ်သည်ကို တွေ့ရှိရပြီး (၁၉၉၇) နှင့် (၂၀၁၄) ခုနှစ်များတွင် မိုးရွာသွန်းမှု လျော့နည်းသည်ကို တွေ့ရှိရပါကြောင်း၊ နှစ်အလိုက်မိုးရေချိန်ကွာခြားချက်များသည် တောင်တန်းဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများထက် ပိုများသည်ကို တွေ့ရှိခဲ့ရပါကြောင်းနှင့် တွေ့ရှိချက်များပေါ်မူတည်၍ ဒေသအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချိတ်ဆက်ပြီး အထွက်ကြိုတင်ခန့်မှန်းနိုင်သော သုတေသနများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

စာတမ်းအပေါ်တွင် တက်ရောက်လာသူများမှ စိတ်ဝင်တစား ဆွေးနွေးမေးမြန်းရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ပညာရှင်တစ်ဦးမှ မိုးရေချိန် တွက်ချက်ရာတွင် သတိထားသင့်သည့်အချက်ကို အကြံပြုဆွေးနွေးပါသည်။ ဆက်လက်၍ ရန်ကုန်တက္ကသိုလ်၊ ကျိုင်းတုံ တက္ကသိုလ်နှင့် လားရှိုးတက္ကသိုလ်တို့မှဆရာမများမှ မြန်မာနိုင်ငံ၏ မိုးလေဝသနှင့် သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှု စပ်ဆက်ချက်များအကြောင်း ဆက်လက်လေ့လာသင့်ပါကြောင်း နှင့် သုတေသနရလဒ်များကို သိရှိလိုပါကြောင်း၊ စိုက်ပျိုးရေးဘူမိဗေဒ ဘာသာရပ်သင်ကြားရာ၌ မြန်မာနိုင်ငံ၏ မတူညီသော စိုက်ပျိုးရေး ဂေဟစနစ်အမျိုးမျိုးရှိ မိုးလေဝသ အခြေအနေများနှင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှုသုတေသနရလဒ်များကို လေ့လာခွင့်ရရှိပါက ကျောင်းသူ/ ကျောင်းသားများအတွက် သင်ကြားရေးတွင် အထောက်အကူပြုနိုင်ပြီး ကိုးကားနိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးမေးမြန်းကြရာတွင် စာတမ်းရှင်ဉီးကျော်မြိုင်မှ မိုးလေဝသနှင့်သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှု စပ်ဆက်ချက်များအကြောင်းကို သုတေသနဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ နှစ်စဉ် စိုက်ပျိုးရေးသုတေသနဂျာနယ်ကို ထုတ်ဝေလျက်ရှိပြီး သုတေသနရလဒ်များကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ သင်ကြားရေးတွင် လေ့လာကိုးကား နိုင်ပါကြောင်း၊ ပထဝီဝင်နှင့် (Geographic Information System-GIS) ဘာသာရပ်များတွင် ဆရာမများထံမှ လေ့လာရန်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် အားလုံးနှင့်ပူးပေါင်း ဆောင်ရွက် လိုပါကြောင်း ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါသည်။