အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်တွေ ဒီဇင်ဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် နိုင်ငံတော်က ပေးအပ်ထားသည့် ရာထူးအဆင့်အတန်းအလိုက် နေရာဒေသအသီးသီးသို့ သွားရောက်ထမ်းဆောင်ကြရကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရာဒေသတွင် ဒေသကောင်းကျိုး၊ ဌာနကောင်းကျိုးအတွက် တတ်စွမ်းသရွေ့ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌လည်း ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးသွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများအတွက် အခြေခံလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နယ်မြေဒေသအခြေအနေအရ စိုက်ပျိုးနိုင်သည့် လယ်ဧကအလိုက် အထွက်နှုန်းတိုးနိုင်ရေး၊ တိုးချဲ့မွေးမြူနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ဌာနအလိုက် နည်းပညာဆွေးနွေးပွဲများကျင်းပကာ ဝန်ထမ်းများ အသိပညာတိုးပွားရေးအတွက် ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်နေထိုင်ကာ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြစေလိုကြောင်းနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်သွားကြရန် ဆွေးနွေးမှာကြားပြီး စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ၊ ဌာနအလိုက် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများကို ပေးအပ်ချီးမြှင့်သည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်မြေစာရင်းဦးစီးဌာနရုံး၌ ပြည်နယ်ရုံးဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။