အဓိကအကြောင်းအရာသို့ သွားမည်
x

မိတ္ထီလာခရိုင်အတွင်း နို့စားနွား၊ အသားတိုး ဝက်နှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ကြစေရေး အားပေးကူညီ

နေပြည်တော် ဩဂုတ် ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံနှင့် သာစည်မြို့နယ် ကုန်းတောင်းကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံများသို့ သွားရောက်၍ လက်ရှိအသားတိုးဝက် မွေးမြူထားရှိမှုနှင့် ထပ်မံတိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ထို့နောက် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒေသနေတောင်သူများ၏ တစ်ပိုင်တစ်နိုင်မွေးမြူရေးကို စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် အားပေးမြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန်၊ မျိုးမြှင့်တင်ခြင်း၊ မျိုးပွားခြင်းနှင့် မျိုးဖြန့်ဖြူးခြင်းလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

အလားတူ မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စုညောင်ပင်သာကျေးရွာရှိ “ကောင်းထက်စံ” နို့စားနွားမွေးမြူရေးခြံတွင် မွေးမြူရေးတိရစ္ဆာန်အစာ နေဗီယာပတ်ချောင်း ၂၈ ဧက၊ မွန်ဘာဆား ငါးဧက စိုက်ပျိုးထားရှိမှု၊ နို့စားနွားထီး၊ နို့စားနွားမ၊ နွားလတ်၊ နွားငယ်များနှင့် နို့ပေးနွားမကြီး မွေးမြူထားရှိမှု၊ ဒိန်ချဉ်၊ နို့ဆီ၊ နို့စိမ်းထုတ်လုပ်ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မွေးမြူရေးအထောက်အကူပြုဆေးဝါးများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆိတ်မွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံတွင် ဒေသမျိုးရင်းများဖြစ်သော ထိန်စမ်းနှင့် ဂျိတ်နီဆိတ်မျိုးများ အသားထုတ်လုပ်မှု ကောင်းမွန်စေရန်၊ မျိုးစပ်မျိုးပွားထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ နယ် ဝန်ဇင်း(၃) ပြည်ထောင်စုတိုးချဲ့ရပ်ကွက်ရှိ R.F.C Co.,Ltd. ၏ ဆိတ်အကောင်ရေ ၁၀၀၀ နှင့် သိုးအကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုကို လည်း ကောင်း၊ ကျောက်ဖြူကုန်းအုပ်စု ဆူးဖြူကွက်ကျေးရွာရှိ THAN ZAYAR Co.,Ltd. ဆိတ်မွေးမြူရေးခြံ၏ ထိန်စမ်းနှင့် ဂျိတ်နီဆိတ်မျိုး အကောင်ရေ ၇၀၀ မွေးမြူထားရှိမှုနှင့် ဈေးကွက်သို့ ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။