လယ်ယာစက်မှုဌာနအဆောက်အအုံ (ရာပြည့်အဆောက်အအုံ) အား ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသို့သွားရောက်၍ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာစက်မှုဌာန အဆောက်အအုံ (ရာပြည့်အဆောက်အအုံ) ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် စက်မှုဌာနအဆောက်အအုံ (ရာပြည့်အဆောက်အအုံ) ပျက်စီးထိခိုက်ခဲ့မှု အခြေအနေများနှင့် ပြုပြင်မွမ်းမံရေးဆောင်ရွက် သင့်သည့်အစီအမံများကို ရှင်းလင်း တင်ပြရာပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအဆောက်အအုံ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန်မှာကြားသည်။
လယ်ယာစက်မှုဌာနအဆောက်အအုံ (ရာပြည့် အဆောက်အအုံ) ကို ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ် ဆောက်လုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံး စက်မှုပညာရပ်ကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့် သင်ကြားပေးခဲ့သည့်နေရာဖြစ်ပြီး အဆိုပါ အဆောက်အအုံကြီးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ရှေးဟောင်းအဆောက် အအုံအမှတ် နပတ-၃၀၀၁ အဖြစ် ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ထားကြောင်း သိရသည်။
သတင်းစဉ်