အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံကျောင်း၊ လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ပုဂ္ဂလိကအအေးခန်းစက်ရုံများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ငါးလုပ်ငန်းပညာ အခြေခံလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နှစ်ထပ်စာသင်ဆောင်၊ ထမင်းစားဆောင်၊ ဖူဆယ်ကစားကွင်း၊အိပ်ဆောင်နှင့် ထမင်းစားဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းသိပ္ပံကျောင်း ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အလှူငွေနှင့် ကျောင်းသုံးစာအုပ်များ၊ အားကစားပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ပုဂ္ဂလိကအအေးခန်းစက်ရုံများမှ ငါး၊ ပုစွန်များ အေးခဲပြုပြင်ထုပ်ပိုးပြီး UK၊ Italy၊ Sweden၊ France၊ Greece၊ Oman၊ Kuwait၊ Qatar၊ UAE နိုင်ငံတို့ သို့တင်ပို့ရန် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ပုဂ္ဂလိကအအေးခန်းစက်ရုံမှ ပြည်ပပို့ကုန်များ အေးခဲပေးနေမှု၊ ငါးခြောက်ထုတ်လုပ်နေမှု၊ ပြည်တွင်းဈေးကွက်ဖြန့်ဖြူးနေမှုနှင့် Saudi၊ China၊ Korea နိုင်ငံတို့သို့ တင်ပို့နေမှုအခြေအနေများကိုလည်းကောင်း၊ တန်ဖိုးမြင့် ငါး၊ ပုစွန်စားသောက်ကုန်ချောများ ထုတ်လုပ်ပြီး United Kingdom၊ Australia၊ France၊ Malaysia နိုင်ငံများသို တင်ပို့မှုလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စားသုံးသူဘေးကင်းလုံခြုံရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။