အဓိကအကြောင်းအရာသို့ သွားမည်
x

ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေး

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ဇန်နဝါရီလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဌ ဖြစ်သူ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ (Mr. Anatoly Bulochnikov , Senior Vice-President of the Russia-Myanmar Association) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။

    နှစ်ဘက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ငါးဖမ်းကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဖက်ဒရေးရှင်း ငါးလုပ်ငန်းအေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်မှုကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာများ၊  ရုရှားသိပ္ပံဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ စိုက်ပျိုးရေးသီးနှံများ၏ အပင်ဇီဝအရင်းအမြစ်များ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုတိုးတက်ရေးလုပ်ငန်းရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ နှစ်နိုင်ငံ ပုဂ္ဂလိက  ကဏ္ဍပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။