အဓိကအကြောင်းအရာသို့ သွားမည်
x

“ကြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” ကို စိုက်ပျိုးရေး အခြေခံသော စားသောက်ကုန်ထုတ် စက်မှုလုပ်ငန်း အဖြစ် ကျယ်ပြန့်သော လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးရေးကြိုးပမ်း

ကြံစိုက်တောင်သူများ နှင့် သကြားစက်လုပ်ငန်းရှင်များ ကြုံတွေ့နေရသော အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ကြံစိုက်တောင်သူများနှင့် စက်ရုံလုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းစေရန် ဌာနဆိုင်ရာဘက်က တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများ သုံးသပ်ဖော်ထုတ်နိုင်ရေး အတွက် “ကြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ(၇)ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ဆွေးနွေးပွဲတွင် ကြံသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည် ဖြစ်သော်လည်း သီးနှံတစ်မျိုးတည်းအမြင်ဖြင့် ဆွေးနွေးခြင်းမဟုတ်ပဲ စိုက်ပျိုးရေး အခြေခံသော စားသောက်ကုန်ထုတ် စက်မှုလုပ်ငန်းအထိ ဖြန့်ကျက်ကြည့်မည်ဆိုပါက လုပ်ငန်းစဉ်ကွင်းဆက် တစ်လျှောက် ၏ ထုတ်လုပ်မှုတန်ဖိုး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှု၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးသာမက ပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရေး အထိ ကျယ်ပြန့်သော ကဏ္ဍတစ်ခုအဖြစ် တွေ့မြင်နိုင်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး ဟူသည့် နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်ကို လက်တွေ့အကောင်အထည်ဖော်သည့်လုပ်ငန်း တစ်ခုအဖြစ် ရှုမြင်ပြီး ပညာရှင်များ အနေဖြင့် မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍများက ဆွေးနွေးဖော်ထုတ်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ၏ လုပ်ငန်းစဉ်များ အောင်အောင် မြင်မြင် လုပ်ကိုင်နိုင်ရေး အတွက် ဌာနဆိုင်ရာများ ဘက်က ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများ ဖော်ထုတ်သုံးသပ်နိုင်ရန်၊ ဆက်စပ် ဌာနများ အကြား အပြန်အလှန် ဖြည့်ဆည်း ပူးပေါင်း ဆောင်ရွက်နိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ သုတေသနဌာနများ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည့် စကားဝိုင်း ဆွေးနွေးပွဲများ ကို လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပလျက်ရှိရာ ယနေ့စကားဝိုင်းဆွေးနွေးပွဲတွင် ကြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်အေးမီမီစိုး ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ကြွယ် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစိုး ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိခိုင် နှင့် စက်မှုလယ်ယာ ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာမြင့် တို့က သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေး တင်ပြချက်အပေါ် စကားဝိုင်းဆွေးနွေးပွဲတက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်း၊ အကြံပြု သုံးသပ်ခြင်းများဖြင့်  သကြားဈေးကွက်နှင့် သင့်တော်သည့် ကြံဈေးနှုန်း ရရှိအောင် ဆောင်ရွက်နိုင်ရေး၊  တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်မည့် စိုက်ပျိုးနည်းစနစ်များ ၊ စက်မှုလယ်ယာဦးစီးဌာနမှ Fully Mechanized စနစ် ဆောင်ရွက် ကျင့်သုံးရေး ဆိုင်ရာများ၊ ကြံစိုက်ပျိုးထုတ်လုပ်ခြင်းကို ထိရောက်စွာ အကျိုးပြုနိုင်မည့် လက်တွေ့အသုံးချ သုတေသန နှင့် နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊ သကြားထုတ်ကုန်အပြင် ကြံသီးနှံအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။