အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံ(နေပြည်တော်)ဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံ(နေပြည်တော်)ဖွင့်လှစ်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် ရန်ကုန် မန္တလေးလမ်းဟောင်းပေါ်ရှိ အဆိုပါ လေ့ကျင့် သင်ကြားရေးဆေးရုံ အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

         ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူပိုင် ပုဂ္ဂလိကပိုင် တိရစ္ဆာန်ဆေးကုခန်းများ ၏ စံနမူနာပြ လေ့ကျင့်သင်ကြားရေး ဆေးရုံဖြစ်လာစေရန်၊ နည်းပညာ၊ သုတေသန၊ ပြည်သူအကျိုးပြု နှင့် စီးပွားရေး အရ အားကျ အတုယူထိုက်သည့် ဆေးရုံဖြစ်စေရေး နှင့် ပညာရပ်ကျွမ်းကျင်သူများ စဉ်ဆက်မပြတ် မွေးထုတ်ပေး နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားသည်။

        ယခုဖွင့်လှစ်သည့် လေ့ကျင့်သင်ကြားရေးဆေးရုံ ၏ သင်တန်းဌာန အနေဖြင့် တိရစ္ဆာန် ဆေးကုဆရာဝန်များ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာဆိုင်ရာများ၊ ဆေးခန်းစီမံခန့်ခွဲမှု၊ တိရစ္ဆာန်များဘဝ သက်တောင့် သက်သာရှိရေး၊ ထိရောက်သော ဆက်သွယ်မှုနည်းပညာများနှင့် ပညာပေးလုပ်ငန်းများ၊ ကာကွယ်၊ ကုသ၊ ခွဲစိတ်နှင့်အလှပြုပြင်ခြင်းဆိုင်ရာပညာရပ်များ၊ အခြေခံ ဓာတ်ခွဲခန်းလုပ်ငန်းများ ပါဝင်ပြီး သင်ကြားခြင်း၊ လေ့လာခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း အဆင့်များဖြင့် သင်ကြား ပို့ချပေးသွား မည်ဖြစ်သည်။ ထို့အပြင် နေပြည်တော် ၌  ရောဂါရှာ ဖွေရေးဓာတ်ခွဲခန်းမရှိသေးသဖြင့် ဆေးရုံအတွင်း အသေးစားဓါတ်ခွဲခန်း Mini Lab တစ်ခုထားရှိပြီး ဓာတ်ခွဲခန်းစမ်းသပ်ခြင်းနှင့် သင်တန်းပေးခြင်းများ ၊ ရွေ့လျားဆေးခန်း(Mobile Clinic) နှင့် ရွေ့လျားဓာတ်ခွဲခန်း(Mobile laboratory) မော်တော်ယာဉ်များ ထားရှိပြီး ဆေးရုံ၏ လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်အတွက် ကြော်ငြာလုပ်ငန်းများ၊ လူထု အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

       မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ခေတ်မီဆေးခန်းဆိုင်ရာပညာရပ်များ စနစ်တကျ လေ့လာခွင့်ရရှိစေမည်ဖြစ်ပြီး၊ ခွေးရူးရောဂါအပါအဝင် အိမ်မွေးတိရစ္ဆာန်များမှ တစ်ဆင့် လူသို့ကူးစက်နိုင်သော ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေး နှင့် ကုသရေး ကျွမ်းကျင် သော လူငယ်မျိုးဆက်သစ်များကို စဉ်ဆက်မပြတ်ပြုစုပျိုးထောင်သွားနိုင် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် လေ့ကျင့်သင်ကြားရေးဆေးရုံကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်တွင် ၂၀၁၉ခုနစ်၊ ဇန်နဝါရီလ၌ စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားရေးကို အခြေခံသော ဆေးခန်းဆိုင်ရာ ကာကွယ်ကုသပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် နေပြည်တော်ဆေးရုံတွင်လည်း ရန်ကုန် လေ့ကျင့်သင်ကြားရေးဆေးရုံ ၌ အသုံးပြုခဲ့ သောသင်ရိုးညွန်းတမ်းများကို အခြေခံကာ (၃)လသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ် သော်လည်း ပထမအကြိမ် သင်တန်းတွင် ဆေးရုံစတင်အသုံးပြုချိန် လိုအပ်သော စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ လက်တွေ့ သင်ကြား ပြသပေးသွားမည်ဖြစ်၍(၄)လကြာမြင့်မှာ ဖြစ်ကြောင်းသိရသည်။

Crd www.agri.com.mm