အဓိကအကြောင်းအရာသို့ သွားမည်
x

ကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၊ ပဲခူးမြို့တွင် (၁၂-၅-၂၀၂၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်က ကောင်းမွန်သောရေနေသတ္တဝါမွေးမြူ ရေးကျင့်စဉ်(GAqP) သင်တန်းဖွင့်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ကောင်းမွန်သောရေနေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP) ဆိုတာ ငါးစတင်မွေးမြူ တဲ့အဆင့်က စတင်ပြီး စားသုံးသူထံ ရောက်ရှိသည့်အဆင့်အထိ ထုတ်လုပ်မှု အဆင့်ဆင့်တိုင်းမှာ စားသုံးသူတွေကို ဘေးဥပါဒ် အန္တရာယ်မဖြစ်စေဘဲနဲ့ သန့်ရှင်းစွာ မွေးမြူထုတ်လုပ် ခြင်းဖြစ်ပြီး ရေနေသတ္တဝါများ မွေးမြူထုတ်လုပ်တဲ့ နေရာမှာလဲ စံချိန်စံညွှန်းများ၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ မွေးမြူထုတ်လုပ်မှုကျင့်စဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ငါး/ပုစွန်ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း(၄၀)ကျော်သို့ တင်ပို့လျက်ရှိကြောင်း။ အခုအခါ ပြည်ပသို့ ငါး/ ပုစွန်အစရှိသည့် ရေထွက်ပစ္စည်းများ တင်ပို့ရာမှာ တင်သွင်းတဲ့ နိုင်ငံတွေရဲ့ အရည်းအသွေး အာမခံနိုင်ရေးအတွက် စက်ရုံတွေကို တွန်းအား‌ပေး ဆောင်ရွက်ပေးရကြောင်း၊ အဲ့ဒီလို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်လည်း မြန်မာနိုင်ငံမှာ စုစုပေါင်းရေထွက်ပစ္စည်းသိုလှောင်ပြုပြင်စီမံတဲ့ စက်ရုံ (၁၂၃)ရုံအနက် (၂၁)ရုံက ထုတ်လုပ်တဲ့ သဘာဝ ငါး/ ပုစွန်များကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့ပါကြောင်း၊ ယခုအခါ အာဆီယံဒေသအတွင်း စားသုံးတဲ့ငါးများမှာ ကောင်းမွန်သည့် ငါးမွေးမြူရေး ကျင့်စဉ်လမ်းညွှန်ချက် Guideline for ASEAN GAqP for Food Fish ကို ASEAN ဒေသတွင်း နိုင်ငံများမှ သဘောတူညီချက်ချမှတ်ပြီးဖြစ်တဲ့အတွက် အဲ့ဒီ Guideline (ညွှန်ကြားလမ်းညွှန် ချက်များ)နဲ့အညီ ASEANအဖွဲ့ဝင်နိုင်ငံများက လိုက်နာဆောင်ရွက်ပြီး ရေနေသတ္တဝါများကို မွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချလျက်ရှိကြောင်း၊     မြန်မာနိုင်ငံအနေနဲ့လဲ ASEAN အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် အဲ့ဒီ Guideline များအတိုင်း လိုက်နာဆောင်ရွက်ပြီး GAqP Certificate ရရှိထားတဲ့ ငါးမွေးမြူရေးကန်တွေက မိမိတို့ရဲ့ ရေထွက်ပစ္စည်းများကို ထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်တင်ပို့ ရောင်းချနိုင်မှာဖြစ်ကြောင်း၊

          တစ်နေ့တစ်ခြား တိုးပွားလာတဲ့ လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည်လည်း စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှာသာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငါးရိက္ခာများစားသုံးခြင်းဖြင့် ပြည်သူလူထုမှာ ကျန်းမာပြီးအသက်ရှည်မှာ ဖြစ်ကြောင်း၊ အခုလိုဘေးဥပါဒ်ကင်းစင်တဲ့ ရေထွက်ပစ္စည်း တွေဖြစ်အောင် မွေးမြူထုတ်လုပ်ဖို့ နည်းလမ်းတွေ၊ နည်းပညာတွေကို ဒီသင်တန်းမှာ (၁၂-၅-၂၀၂၁) ရက်နေ့မှ (၁၄-၅-၂၀၂၁) ရက်နေ့အထိ ပို့ချသွားမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများက လည်း ယခုကျွမ်းကျင်ဆရာများမှ ပို့ချမှုများကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာမှတ်သားပြီး မိမိတို့ လုပ်ငန်းခွင်ကို ပြန်ရောက်တဲ့အခါ မွေးမြူရေးကန်များတွင် GAqPကို သိရှိနားလည်နိုင်ရန် ဆက်လက်၍ ဆင့်ပွားသင်တန်းများ ပို့ချခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးစေလိုပါတယ်၊ သင်တန်းမှ ရရှိသည့် အတွေ့အကြုံတွေကို လက်တွေ့လုပ်ငန်းခွင့်နှင့်ပေါင်းစပ်ကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းမွန်တဲ့ ဘေးဥပါဒ် အန္တရာယ်ကင်းစေသော ရေထွက်ပစ္စည်းများ ပိုမို တိုးတက် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် သင်တန်းသားများအနေဖြင့်  အထူးအလေးထား လိုက်နာသင်ယူကြိုးစား သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ငါမွေးတောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး၊ အရည်အသွေးပြည့်ဝသောငါး၊ပုစွန်များမွေးမြူထုတ်လုပ်နိုင်စေရေး၊ ရေသတ္တဝါမွေးမြူထုတ်လုပ်ရာတွင် နိုင်ငံအဆင့်နှင့်နိုင်ငံတကာအစားအစာ ဘေးအန္တရာယ်ကင်းစင်မှုစံချိန်စံညွှန်းများနှင့်အညီ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှုကျင့်စဉ် ဖြစ်ပါသဖြင့် ငါးမွေးတောင်သူများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းကို ပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ  တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်ဦးစီးဌာနမှူးများ၊ စခန်းတာဝန်ခံများ၊ ဝန်ထမ်းများနှင့် သင်တန်းသား/သူ(၃၀)ဦးမှ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၃)ရက် ဖြစ် ကြောင်း သိရသည်။