စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၌ ဆောက်လုပ်မည့် အဆောက်အအုံများအတွက် လျာထားနေရာရွေးချယ်
နေပြည်တော် ဧပြီ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) သို့ ရောက်ရှိ ပြီး ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ ထမင်းစားဆောင်များ ဆောက်လုပ်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် စာသင်ဆောင်၊ အရာထမ်း၊ အမှုထမ်းအိမ်ရာများ ဆောက်လုပ်ရန် လျာထားမြေနေရာများ၏ မြေပြင်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ သတ်မှတ်ဘာသာရပ်များအား စနစ်တကျသင်ကြားပေးရန်၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းသွားရန်၊ တာဝန်ယူဆောက်လုပ်သော ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေးကုမ္ပဏီများအနေဖြင့် အဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်၊ တည်ဆောက်ရေးသုံးပစ္စည်းများ မိုးမကျမီကြိုတင်စုဆောင်းထားရှိရန်၊ လာမည့်ပညာသင်နှစ်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ထားရှိနိုင်ရေးပြီးစီးသင့်သည်များ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်သွားကြရန် အသေးစိတ်ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ရေတိုရေရှည်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေရရှိရေး၊ ထွန်ယက်စိုက်ပျိုးရာတွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေး စသည့်စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြသည်။
ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကျောင်းဝင်းအတွင်းရှိ ကျောင်းသား ကျောင်းသူဆောင်၊ ထမင်းစားဆောင်၊ စာသင်ဆောင်နှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာရွေးချယ်ထားမှု အခြေအနေများ၊ ကျောင်းသား ကျောင်းသူ နှစ်ထပ်အိပ်ဆောင်နှင့် ထမင်းစားဆောင်ဆောက်လုပ်နေမှု၊ မအူပင်မြို့၊ ရေစီးရေလာကောင်းမွန်စေရေး အပိုင်း (၁) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဒီဇိုင်းပုံစံများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး တာမိုင် ၁၂ မိုင်နှင့် ၁၃ မိုင်အကြား ဆောင်ရွက်လျက်ရှိသော ဂန်ချောင်းဖြတ်တာ အလျားပေ ၂၃၀၀ တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ ဂန်ချောင်းဖြတ်တာသည် ညောင်တုန်းကျွန်းတာတွင် ပါဝင်သော ဖြတ်တာတစ်ခုဖြစ်ပြီး ညောင်တုန်းကျွန်းတာအနေဖြင့် အလျား ၃၂ မိုင်ခန့်ရှိရာ ရေဘေးကာကွယ်ရေးဧရိယာ ၁၀၅၂၂၁ ဧကဖြင့် ဒေသခံပြည်သူများ၏ လယ်ယာမြေများကို မိုးရာသီကာလမြစ်ရေကြီးချိန်တွင် ရေဘေးအန္တရာယ်ကျရောက်ပြီး ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးလျက်ရှိသော တာတစ်ခုဖြစ်ကြောင်း သိရသည်။
