အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်နေကြာစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်

နေပြည်တော် မတ် ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထားသည့် မျိုးမြှင့်တင်ပေးထားသော ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံပြီး နေကြာသီးနှံကို စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် စပ်မျိုးနေကြာမျိုးကို နှစ်စဉ်စိုက်ပျိုးရာသီတိုင်း ဝယ်ယူရန်မလိုဘဲ တောင်သူကိုယ်တိုင် မျိုးရွေးချယ်မြှင့်တင်နည်းဖြင့် စိုက်ပျိုးနိုင်သည့် သဘာဝဝတ်မှုံကူးနိုင်သောမျိုးကို ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ ဤနည်းစနစ်တွင် အပွင့်အရွယ်အစားနှင့် အထွက်တိုးလက္ခဏာနှင့်ပြည့်စုံသော အပင်ပုံစံတို့ကို ရွေးချယ်၍ မျိုးစေ့သိမ်းဆည်းပြီးနောက် စိုက်ပျိုးရာသီတွင် ပြန်လည်စိုက်ပျိုး၍ နှစ်စဉ်မျိုးထိန်းမြှင့်တင်သွားရန်၊ စိုက်ပျိုးရာဒေသနှင့်ကိုက်ညီမည့် အပင်များကို ဂရုတစိုက်ရွေးချယ် စိုက်ပျိုးထုတ်လုပ်ကြရန်၊ “နေကြာစိုက်ပါပျားမွေးပါ၊ ပျားရည်လည်းရ ဆီလည်းရ” “နေကြာနှင့် ပျား တူယှဉ်ထားဂေဟစီးပွားအကျိုး များ” ဆိုသည့်အတိုင်းဆောင်ရွက် ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့စိုက်ကွင်း၌ ပြည်ပမှတင်သွင်းသောမျိုး (၃) မျိုး၏ ဝတ်မှုံများနှင့် မျိုးကူးထားသည့် ဆင်းရွှေကြာ (၃) (ပရို) စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်နေကြာစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ နေကြာစိုက်ပျိုးသည့် ဧရိယာနှင့် မျိုးစေ့လိုအပ်ချက်ဟန်ချက်ညီ ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ရန်၊ မျိုးစေ့ထုတ်လုပ်ခြင်းကို တောင်သူများကိုယ်တိုင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေးနှင့် စီးပွားရေးအရ တွက်ခြေကိုက်သည့် လုပ်ငန်းအဖြစ် ရေရှည်လုပ်ကိုင်ဆောင်ရွက်ရေးအတွက် နည်းပညာနှင့် လိုအပ်ချက်များ ဖြည့်ဆည်းစီမံဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။