အသား/ငါး မွေးမြူထုတ်လုပ်မှု တိုးတက်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေး ဆွေးနွေးမှာကြား
နေပြည်တော် ဇူလိုင် ၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၇ ရက်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြဘုရင်နို့စားနွားမွေးမြူရေးလုပ်ငန်း၏ နို့စားနွားအကောင် ၄၀၀ ကျော် မွေးမြူ ထားရှိမှုကိုကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူလုပ်ကိုင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားသည်။
ဆွေးနွေးမှာကြား
အလားတူ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကသဲကုန်းကျေးရွာရှိ Mandalay Livestock Development Co.,Ltd. ဥစားကြက်မွေးမြူရေးခြံတွင် အလုံပိတ်အအေးခန်းစနစ်ဖြင့် ဥကြက်မ ၅၃၀၀၀ နှင့် ဥစားကြက်ကလေး ၃၁၂၁၃ ကောင် မွေးမြူထားရှိမှုနှင့် တစ်ရက်လျှင် ကြက်ဥ ၂၇၀၀၀ ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း၊ Hanvet Myanmar Co.,Ltd. ၏ ဥစားကြက်မွေးမြူရေးခြံတွင် ဥကြက်မ ၃၁၀၀၀ မွေးမြူထားပြီး တစ်ရက်လျှင် ကြက်ဥ ၂၅၀၀၀ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုကို လည်း ကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းများ အောင်မြင် စွာဆောင်ရွက်နိုင်ရေးနှင့် ဇီဝလုံခြုံမှုအလေးပေးဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်း ဦးစီးဌာန ကူမဲငါးလုပ်ငန်းစခန်းသို့ရောက်ရှိပြီး စခန်းအတွင်း ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ငါးသိုင်း ခေါင်းပွ၊ ငါးခုံးမကြီး၊ ငါးကြင်းဖြူနှင့် တီလားပီးယား ငါးမျိုးများ သားဖောက်ခြင်းနှင့် ငါးသားပေါက်ဖြန့်ဖြူး ပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ထုတ်လုပ်ရန် လျာထားချက် ပြည့်မီကျော်လွန်ရေး ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် စက်မှုဇုန်ရှိ Garden Family Co.,Ltd. တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံ၏ ဆိတ်အစာ တောင့်ထုတ်လုပ်မှုအဆင့်ဆင့်နှင့် မိတ္ထီလာမြို့နယ် မြင်တော်ကန်ကျေးရွာရှိ Real Balance Co.,Ltd. နှင့် Lucky Brand Co.,Ltd. အသားခြောက်နှင့် စားသောက်ကုန်လုပ်ငန်းကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် မိတ္ထီလာမြို့နယ် ဆူးဖြူကွက်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမောင်မြင့်၏ ဆိတ်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဆိတ်အကောင်ရေ ၃၀၀၀ ကျော် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ် လုပ်မှုအားကောင်းလာစေရေး အလေးထားဆောင် ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်