မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ် ထိခိုက်ပျက်စီးမှုနှင့် အရေးပေါ်ယာယီပြုပြင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ် ထိခိုက်ပျက်စီးမှုနှင့် အရေးပေါ်ယာယီပြုပြင်ဆောင်ရွက်၍ စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရမည်းသင်းမြို့နယ်ရှိ ကတင်ကန်အောက်ဘက်ပိုင်းတွင် အက်ကွဲကြောင်းများနှင့် ကန်ပေါင်ထိပ်ပြင် ပြတ်ရွေ့အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့မှုကိုလည်းကောင်း၊ သစ်ဆုံရေလှောင်တမံ ရေထုတ်ပြွန်အပေါ်ပိုင်းပျက်စီးမှု ပြန်လည်ပြုပြင်ခြင်းနှင့် သစ်ဆုံရေလွှဲဆည်၏ လက်ဝဲဘက်ခြမ်းမြေထိန်းနံရံအက်ကြောင်းများ ဖြစ်ပေါ်ခဲ့မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုနှင့် အရေးပေါ်ယာယီပြုပြင်ဆောင်ရွက်၍ စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုကို ရှင်းလင်းတင်ပြကြသည်။
ကတင်ကန်ရေသောက်စနစ်တွင် ယခုနှစ်နွေသီးနှံရာသီ၌ နွေစပါးနှင့် နွေအခြားသီးနှံ ဧက ၂၀၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေ လျက်ရှိပြီး သစ်ဆုံရေလှောင်တမံ ဆည်ရေသောက်စနစ်တွင် နွေစပါးနှင့် နွေအခြားသီးနှံ ဧက ၂၄၀၀ ကျော်တို့ကို စိုက်ပျိုးရေပေးဝေ လျက်ရှိကြောင်းသိရပြီး လက်ရှိစစ်ဆေးတွေ့ရှိမှု အခြေအနေအရရေလှောင်တမံ ကြံ့ခိုင်လုံခြုံမှု အခြေအနေမှာစိုးရိမ်ရန်မရှိကြောင်းသိရသည်။
ထို့နောက် မိတ္ထီလာကန် (တောင်ကန်) သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကန်ပေါင်ထိခိုက်ခဲ့မှု၊ အရေးပေါ်ယာယီပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် စက်ယန္တရားအင်အားပြည့်ဖြင့် ကန်ပေါင်မြေဖို့ပြုပြင် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန် စံညွှန်းပြည့်မီသော ဖို့မြေအမျိုးအစားဖြင့် အချိန်မီမြေဖို့ပြုပြင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မိတ္ထီလာကန် (တောင်ကန်) ကန်ပေါင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၈ ရက်တွင် လုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုလကုန်တွင် ပြုပြင်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်