အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေးသုတေသနဦးစီးဌာနစိုက်ကွင်း၌ တောင်သူများပူးပေါင်းပါဝင်၍ မျိုးစပါးသားဆက်လိုင်းများ ရွေးချယ်

နေပြည်တော် နိုဝင်ဘာ ၁၉

မျိုးစပ်မွေးမြူထားသော စပါးသား ဆက်လိုင်းများ၏ အရည်အချင်းလက္ခဏာများကို အကဲဖြတ်ခြင်း၊ စပါးမျိုးကောင်းများ ရွေးချယ်ခြင်း လုပ်ငန်းများကို စိုက်ပျိုးသူ တောင်သူကိုယ်တိုင် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ဒေသအလိုက် အထွက်နှုန်းမြင့်မားသည့် မျိုးကောင်းမျိုးသန့်များ မွေးမြူအသုံးပြုမှုနှင့် တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်လာစေရေး ကြိုးပမ်းလျက်ရှိသည်။

ကွင်းဆင်းရွေးချယ်

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်း၌ တောင်သူများ ပူးပေါင်းပါဝင် ရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကွင်းဆင်း၍ မျိုးရွေးချယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြသသည်။

နေပြည်တော်အခြေစိုက် ပြည်တွင်းပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီများနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ စတင်မျိုးစပ်မွေးမြူပြီး အရည်အသွေးကောင်း မိဘမျိုး နှစ်မျိုးမှ လေးမျိုးအထိပါဝင်သည့် ဗီဇအစုအဖွဲ့များ များစွာပါဝင်သော သားဆက်လိုင်း စပါးမျိုးကွဲများကို ၂၀၂၂ ခုနှစ် နွေစပါးရာသီတွင် မျိုးကူးစက်မွေးမြူခဲ့ကြောင်း၊ ၎င်းမျိုးလိုင်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုအစီအစဉ်ဖြင့် ကြို့ပင်ကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ကွင်းများတွင် စိုက်ပျိုးထားရှိပြီး တောင်သူများနှင့်အတူ မျိုးရွေးချယ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည့် (၁၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum)သို့ တက်ရောက် ဆွေးနွေးသည်။

အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ ပဲမျိုးစုံဌာနစိတ်မှ ပညာရှင်က ပဲမျိုးစုံ သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

သုတေသနပြုဖော်ထုတ်

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE)၌ ကျင်းပသည့် စိုက်ပျိုးရေး တက္ကသိုလ် စတင်ထူထောင်သည့် ၁၉၂၄ ခုနှစ်မှ ယနေ့အထိ ခေတ်အလိုက် ပြောင်းလဲလာသော ဘွဲ့ကြိုသင်တန်း စနစ်များနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ရိုးများ ပြောင်းလဲလာပုံကို သုံးသပ်လေ့လာခြင်း ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် စိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် သင်ကြားမှု သင်ယူမှုသုံးသပ်ခြင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်လုပ်ငန်းခွင်အတွက် လိုအပ်သော ဘာသာရပ်များကို ထဲထဲဝင်ဝင် သင်ကြားရေး၊ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ တိုးချဲ့သင်ကြားပို့ချရေး၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့သင်တန်းများ အဆင့်မီ အရည်အသွေးထိန်းသိမ်းရေး အစီအမံကောင်းဖြင့် ဆောင်ရွက်နိုင်ရေး၊ လက်ရှိသင်ကြားပေး လျက်ရှိသည့် ဘွဲ့ကြိုသင်တန်းများ၏ သင်ရိုးညွှန်းတမ်း၊ ပြဋ္ဌာန်းစာအုပ်များ သင်ကြားပို့ချမှု စနစ်များကို သေချာစွာ သုံးသပ်၍ ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှု စနစ်များကို သုတေသနပြု ဖော်ထုတ်ပြဋ္ဌာန်းဆောင်ရွက်ရေး၊ စာတွေ့လက်တွေ့ အချိတ်အဆက် ကောင်းမွန်စွာဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို သင်ကြား လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။