ငါးမွေးမြူရေးကဏ္ဍတိုးတက်ရေး ဒေသတွင်းအစာ အသုံးပြုပေး ဖော်စပ်အစာကို ထိန်းညှိကျွေး
ရေသတ္တဝါတို့အတွက် အာဟာရလိုအပ်ချက်များ
ရေသတ္တဝါတို့အတွက် အကောင်းဆုံးသော ကြီးထွားရှင်သန်နှုန်းရရှိရန် အစာတွင်ပါဝင်သည့် အာဟာရဓာတ်များသည် များစွာသက်ရောက်မှုရှိပြီး အစာအတွက် ကုန်ကျစရိတ်သည် လုပ်ငန်းကုန်ကျ စရိတ်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့် ကုန်ကျလျက်ရှိသည်။ အစာဖော်စပ်ရာတွင် ငါးပေါင်းမှုန့် (Fish meal) ကို အဓိကအသားဓာတ် (ပရိုတင်း-Protein) အရင်းအမြစ်အဖြစ် အသုံးပြုလျက်ရှိပါသည်။ ထိုနည်းတူ ငါးအစာဖော်စပ်ရာတွင် အသားစားသတ္တဝါမျိုးစိတ်တို့အတွက် ငါးပေါင်းမှုန့်ကို ပမာဏများစွာ အသုံးပြုရန်လိုအပ်ပြီး ဥဿုံစားသတ္တဝါမျိုးစိတ်နှင့် ပင်စားသတ္တဝါမျိုးစိတ်တို့အတွက် အစာတွင် အရသာကောင်းမွန်စေရန်တို့အတွက်လည်း အသုံးပြုရပေသည်။ သို့ရာတွင် ယခုအခါသဘာဝမှ ဖမ်းဆီးထုတ်လုပ် မှုလျော့ကျလာခြင်းကြောင့် စျေးနှုန်းကြီးမြင့်လာခြင်း၊ ငါးစာအပြင် အခြားသောတိရစ္ဆာန်မွေးမြူရေးကဏ္ဍ များတွင်လည်း အသုံးပြုသဖြင့် လိုအပ်သည့်ပမာဏ အလုံအလောက်မရရှိခြင်း စသောအချက်များကြောင့် အစားထိုးအသုံးပြုနိုင်သော ကုန်းနေ/ရေနေအပင်များ၊ တိရစ္ဆာန်များမှရရှိသောဘေး ထွက်ပစ္စည်းများကို အသုံးပြုဖော်စပ်ကျွေးမွေးလာကြပြီဖြစ်ပါသည်။
ကျွေးမွေးသောအစာတွင် မွေးမြူသောငါးအမျိုးအစားအလိုက် အာဟာရဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှသာ ကောင်းစွာကြီးထွားမည်ဖြစ်သည်။ ထို့ကြောင့် မွေးမြူသည့်ရေသတ္တဝါ မျိုးစိတ်များကိုလိုက်၍ ကျွေးမွေးသည့်အစာတွင် ပမာဏပို၍လိုအပ်သော အာဟာရများအဖြစ် အသားဓာတ်၊ အဆီ ဓာတ်များ၊ ကစီဓာတ်များနှင့် ပမာဏနည်းစွာလိုအပ်သောအာဟာရများအဖြစ် ဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်များ ပြည့်စုံစွာပါရှိသင့်ပါသည်။ အသားစားမျိုးစိတ်များတွင် အသားဓာတ်လိုအပ်ချက်သည် ၄၀−၅၀ ရာခိုင်နှုန်း၊ ပင်စားမျိုးစိတ်များနှင့် ဥဿုံစားမျိုးစိတ်များတွင် အသားဓာတ်လိုအပ်ချက်သည် ၂၅−၃၅ ရာခိုင်နှုန်းဖြစ်ပါသည်။
ရေသတ္တဝါမွေးမြူသူများအနေဖြင့်မွေးမြူသည့် မျိုးစိတ်များအလိုက် လိုအပ်သောအာဟာရတန်ဖိုး များကို ပြည့်ဝအောင်ဖော်စပ်ကျွေးမွေးမှသာလျှင် ရေသတ္တဝါတို့၏ ရှင်သန်နှုန်း၊ ကြီးထွားနှုန်း၊ မွေးမြူ ရမည့်ကာလနှင့် အမြတ်အစွန်းရရှိမှုများကို ကောင်းကျိုးပြုနိုင်မည်ဖြစ်ပေသည်။ အစာဖော်စပ်ရာတွင် မွေးမြူသည့်ငါးအရွယ်အစားကိုလိုက်၍ အသားဓာတ်လိုအပ်ချက်သည် ကွဲပြားပေသည်။ အစာကျွေးမွေးရာတွင် အရွယ်အစားကိုလိုက်၍ ငါးငယ်ဘဝမှ စျေးကွက်ဝင်အရွယ်အထိ အစာကျွေး သည့်အကြိမ်အရေအတွက်အနေဖြင့် တစ်ရက်လျှင် အနည်းဆုံးနှစ်ကြိမ်မှ အများဆုံးခြောက်ကြိမ်အထိလည်းကောင်း၊ ကျွေးမွေးသည့်အစာပမာဏအနေဖြင့် ငါးငယ်ဘဝတွင် ပိုမိုလိုအပ်ပြီး အရွယ်ရောက်လာသည့်အခါတွင် လျှော့ချကျွေးမွေးနိုင်သဖြင့် ငါးခန္ဓာကိုယ်အလေးချိန်၏ (ငါးငယ်တွင် ၁၀ ရာခိုင်နှုန်း − အရွယ်ရောက်လျှင် ၁ ရာခိုင်နှုန်းအထိ) အရွယ်အစားအပေါ်မူတည်၍ ကျွေးမွေးနိုင်ပါသည်။
တိရစ္ဆာန်အစာ၏ မွေးမြူရေးအကျိုးအမြတ်အပေါ်သက်ရောက်မှု
အစာတွင်ပါဝင်ရမည့် အာဟာရတန်ဖိုးများထက်ကျော်လွန်၍ ပါဝင်ပါက မွေးမြူရမည့်ကာလ တိုတောင်းပြီး ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းကို ကောင်းစေနိုင်သော်လည်း အစာကုန်ကျစရိတ် မြင့်မားခြင်းနှင့် အမြတ်အစွန်းနည်းပါးစေနိုင်ပါသည်။ ထိုနည်းတူ အစာတွင်ပါဝင်ရမည့် အာဟာရ တန်ဖိုးများထက် လျော့နည်းစွာပါရှိပါက အစာကုန်ကျစရိတ်ကို လျှော့ချနိုင်သော်လည်း ရှင်သန်နှုန်း၊ ကြီးထွားနှုန်း၊ မွေးမြူရမည့်ကာလနှင့် အမြတ်အစွန်းရရှိမှုများကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး လိုအပ်သည့် အာဟာရတန်ဖိုးများဖြင့် ပြည့်စုံသောအစာကို နည်းစနစ်မှန်ကန်စွာကျွေးမွေးပါက အောင်မြင်သော မွေးမြူရေးကဏ္ဍအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။