အဓိကအကြောင်းအရာသို့ သွားမည်
x

တောင်သူများပါဝင်ဆွေးနွေးသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

      လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများအပါအဝင် ကျေးလက်နေပြည်သူများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် ဝင်ငွေမြှင့်တင်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ အပတ်စဉ်စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေါင်းစဉ်ဖြင့် ကျင်းပသည်။

     ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ဒေသတွင်းနိုင်ငံများမှ တောင်သူလယ်သမားများနှင့် မိမိတို့တောင်သူ လယ်သမားများအကြား နည်းပညာအသုံးချနိုင်မှု ကွာဟချက်ကျဉ်းမြောင်းလာစေရန် သုတေသီများ၊ နည်းပညာပြန့်ပွားရေးဌာနများ၊ တောင်သူများနှင့် သက်ဆိုင်သူ အားလုံးတို့အနေဖြင့် ပိုမိုကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ တောင်သူများ အမှန်တကယ်ဝင်ငွေ တိုးတက်ရန်မှာ သီးနှံအထွက်နှုန်း တစ်ခုတည်းအပေါ်မှာသာ မှီခိုနေ၍မရနိုင်ဘဲ ဈေးကောင်းရတွက်ခြေကိုက်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ မိမိတို့ စိုက်ပျိုးထုတ် လုပ်လိုက်သည့် သီးနှံပင်တစ်ခုလုံးကို အကျိုးရှိရှိအသုံးချပြီး အပိုဝင်ငွေရရှိစေမည့် နည်းလမ်းများကို အသုံးပြုရန်လိုကြောင်း၊ အလားတူ ရိတ်သိမ်း ချိန်လွန် နည်းပညာများအသုံးပြုပြီး ရိတ်သိမ်းပြီး နောက်ပိုင်း ကြုံတွေ့ကြရသည့် သီးနှံလေလွင့်ဆုံးရှုံးမှု များ လျှော့ချနိုင်ရေးနှင့် တန်ဖိုးမြင့်ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်မှသာ တောင်သူများအတွက် သိသာသည့်အကျိုးအမြတ်ကို ရရှိခံစားနိုင်ကြမည်ဖြစ်၍ ယနေ့ဆွေးနွေးပွဲတွင် မိမိတို့သိရှိလိုသည်များကို ဆွေးနွေးလေ့လာသွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေး ပြောကြားသည်။

      ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် အစားအစာသိပ္ပံ ဌာနခွဲမှ ပညာရှင်များက စပါးတစ်ပင်လုံး အကျိုးရှိစွာ အသုံးပြုခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို တင်ပြဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြသည်။

     ဆွေးနွေးပွဲ မကျင်းပမီနှင့် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူ များသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်း ချိန်လွန် နည်းပညာနှင့် အစားအစာသိပ္ပံဌာနခွဲက သုတေသနပြုဆောင်ရွက်သည့် ကောက်ရိုးဖြင့် စက္ကူပြုလုပ်ခြင်း၊ တစ်ကီလို နွားစာတုံးပြုလုပ်ခြင်း၊ မုန့်ဆမ်းပြုလုပ်ခြင်း၊ စွမ်းအင်မဲ့ အအေးခန်း၊ တီကျစ် စာမြေဆွေးထုတ်လုပ်ခြင်း လုပ်ငန်းများကို လက်တွေ့ လေ့လာခဲ့ကြကြောင်း သိရသည်။