အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် နှင့်အတူ စက်တင်ဘာလ (၂၀)ရက်နေ့တွင် အိန္ဒိယနိုင်ငံ ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) နှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့်  ICAR-Indian Agricultural Research Institute သို့ သွားရောက်၍ သုတေသန စိုက်ကွင်းများအား လေ့လာကြရာ Principal Researcher Dr. A.K.SINGH နှင့် စိုက်ပျိုးရေးပညာရှင်များက စပါးမျိုးများ အတွက် ရေငတ်ဒဏ်ခံသုတေသန၊ မြေဩဇာတုန့်ပြန်မှု၊ ရောဂါပိုးမွှားခံနိုင်ရည်ရှိသည့် သုတေသန ၊ သက်တမ်း အလိုက်သီးပွင့်သော စပါးမျိုးသစ်များ ထုတ်လုပ်ခြင်း သုတေသန နှင့် ဇီဝနည်းပညာ အသုံးပြုမှု အခြေအနေများ အားရှင်းလင်းပြသကြသည်။

ဆက်လက်၍ ပဲတီစိမ်း၊ ပဲစင်းငုံ ၊ လူး ၊ ဆပ် နှင့် နှံစားပြောင်း သုတေသနစိုက်ခင်းများအား ကြည့်ရှုလေ့လာကြရာ Dr. A.K.SINGH နှင့် စိုက်ပျိုးရေး ပညာရှင်များက ရှင်းလင်း ပြသကြသည်။ အဆိုပါမျိုးများအနက် မြန်မာနိုင်ငံနှင့်သင့်တော်သော သက်တမ်း အလိုက်သီးပွင့်၍ သက်တမ်းတိုသော ပဲစင်းငုံ မျိုးများ နှင့် ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းမြင့်မားသော ပဲတီစိမ်းမျိုးများ၊ အလုံးအရွယ်ကြီး၍ အဖြူရောင် ရှိသော ကုလားပဲ မျိုးများရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယင်းနောက် Dr. Swami Nathan စာကြည့်တိုက်တွင် ICAR မှ Dr. A. K. Singh နှင့် ပညာရှင် များက ICAR နှင့် NSC တို့၏ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှုများနှင့် ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ NSC သည် ICAR မှ သုတေသနပြု ရရှိသည့် မျိုးသစ်များ၏ မိဘလိုင်းများအား မျိုးပွားများခြင်းလုပ်ငန်းများကို နိုင်ငံတော်ပိုင်ခြံများ၊ မျိုးစေ့ထုတ်တောင်သူလယ်သမားများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိဘမျိုးစေ့ပွားများခြင်းလုပ်ငန်းများကို NSC မှ တာဝန်ယူ ဆောင်ရွက်ပေးပြီး မျိုးစေ့ထုတ်ကုမ္ပဏီများ တောင်သူအဖွဲ့အစည်းများသို့ ဆင့်ပွားမျိုးစေ့များပေးပြီး ပွားများ ထုတ်လုပ်နေမှုများကို လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများ ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ ကော်ပိုရေးရှင်း National Seed Corporation နှင့် ပုဂ္ဂလိက အဖွဲ့အစည်း၊ တောင်သူ အဖွဲ့အစည်းများ ပူးပေါင်း၍ မျိုးစေ့ ထုတ်လုပ်မှုကို နိုင်ငံပိုင် စီးပွားရေး ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်း တင်ပြသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ နေပြည်တော် ရေဆင်း ရှိ Advanced Centre for Agricultural Research and Education (ACARE)တွင် စွမ်းဆောင်ရည် မြင့်မားသော လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် လယ်ယာထွက်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး နည်းပညာများ ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် တန်ဖိုးမြင့်ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာများ ရရှိ အသုံးပြု နိုင်ရန် ဆောင်ရွက်ပေးနေမှုများကို နှစ်နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးသာမက ဒေသတွင်းနှင့် ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံရေး အတွက် ရေရှည် နှစ်နိုင်ငံ နည်းပညာပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင် ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်ပဲ၊ ပဲစဉ်းငုံ နှင့် ပဲမျိုးစုံအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသည့် နယူးဒေလီမြို့ရှိ BIKANO ကုမ္ပဏီ ၏ အရောင်းမြှင့်တင်ရေး စင်တာသို့ သွားရောက်၍ ပဲမျိုးစုံဖြင့် ထုတ်လုပ်ထားသော မုန့်ပဲသရေစာများ၊ အသင့်စား ဟင်းလျာများ ရောင်းချနေမှုကို ကြည့်ရှု လေ့လာ ကြရာ တာဝန်ရှိသူများက ကုမ္ပဏီ၏ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူ တင်သွင်းလိုမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ဝင်များအဖြစ်လိုက်ပါလာကြသည့် မြန်မာနိုင်ငံ ပဲ၊ပြောင်း နှင့် နှမ်းအသင်း တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက် နိုင်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

စက်တင်ဘာလ(၂၁)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မွန်ဘိုင်းမြို့ Sofitel Hotel တွင် အိန္ဒိယ နိုင်ငံ ပဲမျိုးစုံအသင်း India Pulses and Grains Association (IPGA) ၊ Overseas Agro Traders Association(OATA) နှင့် မြန်မာနိုင်ငံပဲ၊ ပြောင်း နှင့် နှမ်းအသင်း တို့မှ တာဝန်ရှိ သူများ တွေ့ဆုံ ဆွေးနွေးပွဲတွင် (IPGA) ဥက္ကဌ Mr.Bimbal Kothari ၊ (OATA) ဥက္ကဌ Mr.Shyam Narsaria နှင့် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် တို့က   မြန်မာ အိန္ဒိယ နှစ်နိုင်ငံအကြား ပဲမျိုးစုံ ကူးသန်းရောင်းဝယ်မှု အခြေအနေ နှင့် အိန္ဒိယနိုင်ငံ ၏ ပဲလိုအပ်ချက် ၊ ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရန် အခြေအနေများ၊ ပြောင်း ၊ နှမ်း နှင့် ဆီထွက်သီးနှံများ ကုန်သွယ်မှုအခြေအနေများကို ဆွေးနွေးကြရာ တက်ရောက်လာသူများက ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ နိုင်ငံတကာတွင် စားသုံးသူများက ပရိုတင်းဓာတ်ကို အသားငါးထက် အသီးအနှံများမှ စားသုံးရန် စိတ်ဝင်စားမှုမြင့်တက်လျက် ရှိရာ ပဲမျိုးစုံ စားသုံးမှုလည်း မြင့်မားလာသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အစိုးရအချင်းချင်းပေါင်းစပ်၍ ကုန်သွယ်မှုပမာဏ တည်ငြိမ်ရေး နှင့် ဈေးနှုန်းသေချာစေရေးမှာ အရေးကြီး ပါကြောင်း၊  မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သူများနှင့် စားသုံးသူများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး အတွက် အိန္ဒိယနိုင်ငံ၏ စားသုံးသူ ရေးရာ၊ အစားအစာနှင့် ဖြန့်ချိရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တို့အကြား မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံ တင်ပို့မှုဆိုင်ရာ ကိုဒါသဘောတူစာချုပ်ကို ၂၀၂၆ခုနှစ် အထိ လက်မှတ်ရေးထိုးထားပါကြောင်း၊ ထို့အပြင် ပဲတီစိမ်းသီးနှံ ကိုလည်း ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ် ပဲထုတ်လုပ်တင်ပို့မှုအနေဖြင့် ယခုတင်ပို့လျက်ရှိသော ပဲမျိုးများအပြင် ပဲနီလေး၊ ပဲဝါလေး၊ ပဲရာဇာ၊ မြေထောက်ပဲများကိုလည်း တိုးမြှင့် ထုတ်လုပ် တင်ပို့သွားရန် လိုအပ်ပါကြောင်း၊

ပဲမျိုးစုံသီးနှံများ၏ ဈေးကွက်တည်ငြိမ်မှုမရှိခြင်း၊ ဈေးနှုန်းကျဆင်းခြင်းဖြစ်ပါက စိုက်ပျိုးသူ များသည် အခြားသီးနှံများ ပြောင်းလဲ အစားထိုး စိုက်ပျိုးမှု ရှိလာနိုင်သဖြင့် ကုန်သွယ်မှုမူဝါဒနှင့် ကုန်သွယ်မှု ပမာဏ တည်ငြိမ်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုအပြင် ပုဂ္ဂလိကကဏ္ဍအချင်းချင်း ပူးပေါင်း‌ ဆောင်ရွက်မှုက များစွာ အထောက်အကူ ပြုပါကြောင်း၊

လက်ရှိအခြေအနေတွင် သွင်းအားစု ဓာတ်မြေဩဇာနှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့်မှုကြောင့်၊ ထုတ်လုပ်မှုစရိတ် မြင့်တက်နေသည့် အပြင်  သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် သီးနှံ ဈေးနှုန်းများ မြင့်တက်နိုင်ပါကြောင်း၊ သို့ဖြစ်၍ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန် မြန်မာ နှင့် အိန္ဒိယနိုင်ငံကြား Coastal Liner ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေးစနစ်ဖြင့် တိုက်ရိုက် တင်ပို့နိုင်ပါက စားသုံးသူများ အတွက် ဈေးနှုန်းသက်သာစေနိုင်ကြောင်း၊ အဆိုပါလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း၊ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတွင် သာမက သယ်ယူရေးပို့ဆောင်ရေး တန်ဘိုးမြှင့် ထုတ်ကုန်လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံ ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ (IPGA) ဥက္ကဌ Mr.Bimbal Kothari ၊ (OATA) ဥက္ကဌ Mr.Shyam Narsaria တို့သည် India CBS ရုပ်သံဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး လိုက်ပါလျက် မွန်ဘိုင်းမြို့ JW Marriot Hotel တွင် Mahyco မျိုးစေ့ထုတ်ကုမ္ပဏီ ၊ Safal ကုမ္ပဏီနှင့် Metahelix ကုမ္ပဏီ တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝါသီးနှံနှင့် ဆီထွက်နေကြာသီးနှံမျိုးစေ့များ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနိုင်ရေး၊ စမ်းသပ်သုတေသန လုပ်ငန်းများဆောင်ရွက်ရေး၊ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ၏ မျိုးစေ့ထုတ် ကုမ္ပဏီများ ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ DVC  ကုမ္ပဏီ မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဆီသန့်စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ တွင် လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာလ(၂၂)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြကြောင်း သတင်းရရှိသည်။