အဓိကအကြောင်းအရာသို့ သွားမည်
x

ဒူဘိုင်းကုန်စည်ပြပွဲ Dubai Expo-2020 တွင်ကျင်းပသည့် အာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့် ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

မြန်မာနိုင်ငံအနေဖြင့် Blue Ocean Economy သမုဒ္ဒရာ ရေရှည်တည် တံ့စေရေးဆိုင်ရာ ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ နှင့် အာဆီယံ၏ လုပ်ငန်းစဉ်များ တွင် တက်ကြစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံအစိုးရ အချင်းချင်းနှင့်  အစိုးရအဖွဲ့အစည်းများနှင့်သာမက ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့်လည်း လက်တွဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ တွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ခြင်း သည် ထင်ရှားသည့်သာဓကတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက် နေ့ က United Arab Emirates (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့ Dubai Expo 2020 (Business Connect Centre) ၌ ကျင်းပပြု လုပ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဒူဘိုင်း ကုန်စည်ပြပွဲ၏ အာဆီယံ နိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့် ဆွေးနွေးပွဲ (High – Level Forum) တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

         အာဆီယံနိုင်ငံများတွင် သမုဒ္ဒရာရေရှည်တည်တံ့ စေရေးဆိုင်ရာ အဆင့်မြင့် ဖိုရမ် ၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝပြီး၊ နိုင်ငံ၏ ပထဝီအနေအထားအရ ကွဲပြားသော ရာသီဥတုများကို ပိုင်ဆိုင်ပါကြောင်း၊ နိုင်ငံ မြောက်ပိုင်း တွင် နှင်းဖုံးသောရေခဲတောင်တန်းများတည်ရှိပြီး၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထိုင်းနိုင်ငံ နယ်စပ် အထိ ကမ်းရိုးတန်း အရှည် ကီလိုမီတာ (၃၀၀၀) ခန့်ရှိကြောင်း၊ နိုင်ငံတောင်ဖက်စွန်း တွင် တည်ရှိသော မြိတ်ကျွန်းစု သည် ကျွန်းပေါင်း (၈၀၀) ကျော်ခန့် ရှိပြီး သန္တာ ကျောက်တန်းများ သည်လည်း သဘာဝ အတိုင်း တည်ရှိဆဲဖြစ်ကြောင်း၊ ထို့အပြင် သဘာဝ သယံဇာတများ ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ တည်ထောင်ထားရှိသည့် လန်ပိ အဏ္ဏဝါ အမျိုးသား ဥယျာဉ် အပါအဝင် ရွေ့ပြောင်းကျက်စားသည့် ငှက်မျိုးများ ရာသီ အလိုက် လာရောက် နားခိုရာဒေသများ၊ ပင်လယ်လိပ်မျိုးများ မျိုးမပြုန်းတီးစေရေး ကာကွယ်ထားသည့် ကျွန်းများနှင့် အခြားရေနေသယံဇာထိန်းသိမ်းရေး ဇုန်များလည်း တည်ထောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပါဝင်တက်ရောက်သူများအနေဖြင့်  Blue Ocean Economy သမုဒ္ဒရာရေရှည် တည်တံ့  စေရေးဆိုင်ရာ လုပ်ငန်းများတွင်အောင်မြင်စွာ ဦးဆောင်ပါ ဝင်နေကြသူများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့အကြုံများကို အားလုံးနှင့်  လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း၊ ယခုဖိုရမ် တွင် နိုင်ငံအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလေ့အကျင့် ကောင်းများ ကိုအခြေခံ၍ မြန်မာနိုင်ငံတွင် အလားတူ ဆွေးနွေးပွဲများကိုအိမ်ရှင်နိုင်ငံ အဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် High Level Forum ကို James Michel Foundation၊ UAE နိုင်ငံအစိုးရ နှင့်အာဆီယံအဖွဲ့တို့ပူးပေါင်း၍ Dubai Expo-2020 ဒူဘိုင်းကုန်စည်ပြပွဲ- ၂၀၂၀ ကာလ အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ရေလုပ်ငန်းဆိုင်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ဝန်ကြီးများနှင့် UAE နိုင်ငံဝန်ကြီး၊ အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ်၊   James Michel Foundation ဉက္ကဌ နှင့်အခြားအစိုးရမဟုတ်သည့် ပုဂ္ဂလိက အဖွဲ့ အစည်း များ မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအားဖိတ်ကြားပြီး ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။