အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဆင်းတက္ကသိုလ်နယ်မြေ၌ (၈၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်သော (၈၂) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာပညာရှင်များ၊ သုတေသီများက “ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများနှင့် ဆရာ ဆရာများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရှင်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများမှ ဆရာ ဆရာမများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

တိုးတက်ထုတ်လုပ်နိုင်မည်

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်း၊ ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက် ဆိုက်၊ နိုက်ထရပ်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များ စွန့်ထုတ်မှုမြင့်တက်နိုင်ကြောင်း၊ ထိုသို့သော ဓာတ်ငွေ့များထွက်ရှိမှုကို လျှော့ချ နိုင်ရန် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးရန်အထူးအရေးကြီးကြောင်း၊ တောင်သူများအကြား ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်နှင့်စပ်လျဉ်း၍ ပိုမိုသိရှိပြီး လိုက်နာဆောင်ရွက်လာစေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို တွဲဖက်လုပ်ကိုင်လာမှသာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ စားရေရိက္ခာ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဆင့်မြင့်စိုက်ပျိုးရေးသုတေသနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ရာဇာဟိန်းက ကုန်းဘောင်ခေတ် စပါးစိုက်ပျိုးရေး၊ မျိုး ၁၈၇ မျိုးနှင့် စိုက်ပျိုးချိန်ကာလများ၊ မိုးလေဝသရာသီဥတု ပြောင်းလဲမှုအခြေခံသဘောတရားနှင့် သက်ရောက်မှုဖြစ်စဉ်၊ ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ဆွေးနွေးတင်ပြရာ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်