ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခဲ့သဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှု သက်သာ
နေပြည်တော် ဩဂုတ် ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နရဘန်ချောင်းရေလျှံတက်၍ ရေကြီးမှုနှင့် လမ်းရေကျော်ကျမှုများ၊ ရေစီးရေလာကောင်းမွန်ရေး ပင်လောင်းလမ်းဖြတ်သည့် နရဘန်ချောင်း Box Culvert ရှင်းလင်းခြင်း၊ သစ်တပ်ရွာအနီး ရန်ကုန်-မန္တလေးလမ်းအရှေ့ဘက်မှ ပြောင်းရွှေ့တူးဖော်နေသည့် မပိုက်ကယ်ရိုးမှ ရေကူစီးဆင်းစေခြင်း၊ ကျဉ်းမြောင်းနေသည့် ယာယီ Culvert များနှင့် ရေသွားလမ်းအား စက်ယန္တရားများဖြင့် ဖယ်ရှားခြင်းနှင့် ရေသွားလမ်းချဲ့ခြင်းများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ကျွန်းရောင်း - အိုင်စောက် - ပေါင်းလောင်း ရေနုတ်မြောင်းတစ်လျှောက်ရှိ ရေထိန်းတံခါးများ ဖွင့်ထားရှိပြီး ရေစီးရေလာကောင်းမွန်စေရန် အမှိုက်ဒိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ အဓိကရေထုတ်ပေါက်ဖြစ်သည့် ကျွန်းရောင်း-အိုင်စောက် ရေနုတ်မြောင်းအထွက် ချောင်းကမ်းကြီး ကျေးရွာအနီးမှ စစ်တောင်းမြစ်အထိ ရေစီးရေလာကောင်းမွန်စေရန် စက်ယန္တရားများဖြင့် တူးဖော်ခြင်း၊ နစ်မြုပ်နေသည့် လယ်ကွင်းများအတွင်းမှ ရေကိုရေထုတ်ပေါက်များဖြင့် နရဘန်ချောင်းအတွင်းသို့ ဖောက်ထုတ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယခုနှစ် မိုးရာသီကာလတွင် ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေးကားလမ်းနှင့် ပင်လောင်းလမ်းဆုံမှစ၍ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ခဲ့သဖြင့် ယခင်ကာလများထက် ရေကြီးရေလျှံမှုသိသာစွာလျော့နည်းသက်သာခဲ့ပြီး မိုးရွာသွန်းမှုထပ်မံများပြားလာပါက ထိခိုက်ပျက်စီးမှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်