အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် နိုဝင်ဘာ ၆ ရက်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တောင်သူများဝင်ငွေနှင့် လူမှုဘဝတိုးတက်ရေးအကောင်အထည်ဖော်ရာတွင် ကန်သင်းသီးနှံကဲ့သို့ အပိုဝင်ငွေရရှိစေမည့်နည်းလမ်းများ၊ သီးထပ်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်လိုအပ်ချက်များ ကူညီပံ့ပိုးပေးခြင်းကဲ့သို့ တစ်နှစ်ပတ်လုံး အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားရေးကို စနစ်တကျအားပေးကူညီ စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးပညာရှင်များနှင့် သုတေသီများက ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများ၏ အရည်အချင်းလက္ခဏာများ၊ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက်ပုံများနှင့် လိုက်နာကျင့်သုံးရမည့်အချက်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် မြောင်းမြမြို့ အထက(၁) ပညာရတနာခန်းမ၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးမည့်သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော်မျိုးစေ့၊ ဆီထွက်သီးနှံနေကြာနှင့် မျိုးစပါးများ ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အခွင့်အလမ်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သုံးမြို့နယ်မှ တောင်သူကိုယ်စားလှယ်သုံးဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့၊ မြေပဲမျိုးစေ့နှင့် နယူးဧရာမျိုးစပါးများ ပေးအပ်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် ရှမ်းစုကျေးရွာ ဆင်းသုခမိုးစပါးစံကွက် သုည ဒသမ ၁ ဧက ရိတ်သိမ်းပွဲအခမ်း အနားနှင့် မဒေါ့ပင်ကျေးရွာ မှော်ဘီ- ၃ မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားများသို့ တက်ရောက်အားပေးကြရာ ဆင်းသုခစပါးမျိုးမှာ တစ်ဧကလျှင် စပါးအစို ၁၅၃ ဒသမ ၆ တင်းနှုန်း၊ စပါးအခြောက် ၁၂၅ ဒသမ ၉၅ တင်းနှုန်းနှင့် မှော်ဘီ- ၃ စပါးမျိုးမှာ တစ်ဧကလျှင် စပါးအစို ၁၅၃ ဒသမ ၃ တင်းနှုန်း၊ စပါးအခြောက် ၁၄၅ ဒသမ ၆၇ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသ၏စိုက်ပျိုးလုပ်ကိုင်မှု၊ တောင်သူမိသားစုများ၏ လူမှုစီးပွားရေးအခြေအနေများကို ခင်မင်ရင်းနှီးစွာ မေးမြန်းပြီးလိုအပ်ချက်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။