အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တပ်ကုန်းဗဟိုသုတေသနခြံ၏ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က တပ်ကုန်းဗဟိုသုတေသနခြံ၏ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

    ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ထုတ်လုပ်မှုဆိုင်ရာသုတေသန၊ အသုံးချနည်းပညာဆိုင်ရာသုတေသနများအပါအဝင် တောင်သူများအတွက် တိုက်ရိုက်အကျိုးရှိစေမည့် သုတေသနလုပ်ငန်းများကို ဦးစားပေးအလိုက် တိုးမြှင့်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

    တပ်ကုန်းဗဟိုသုတေသနခြံတွင် ဥဇဘက်ကစ္စတန်မှတင်သွင်းသည့် ချည်မျှင်ရှည်ဝါမျိုးသစ်များ မျိုးပွားခြင်းကိုဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်မှုအခြေအနေ၊ ချည်မျှင်အရည်အသွေးနှင့် အထွက်နှုန်းများကို လေ့လာလျက်ရှိကြောင်း၊ အလားတူ ဆီထွက်သီးနှံနေကြာ အထူးစီမံချက်အရ မိဘလိုင်းမျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

    ယင်းနောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ကံကြီးမွေးမြူရေးဇုန် (ဖန်ဟွ) နို့စားနွား မွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှု၊ ရွှေမြို့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဥဖောက်စက်အဆောက်အအုံ၊ ဥစားဘဲနှင့် အသားစားဘဲ အဆောက်အအုံ၊ နွားရုံအဆောက်အအုံနှင့် ကြက်၊ ဘဲသားသတ်ရုံများ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

    အလားတူ တပ်ကုန်း-ရွှေမြို့ မွေးမြူရေးဇုန် ရိုးချောင်းပေါ်တွင် အလျားပေ ၃၃၀၊ အမြင့် ၃၆ ပေရှိ လျှိုပိတ်ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်၊ လူမှုရေးပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှုကို အလေးထားဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆွေးနွေးမှာကြားသည်။

    ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန၊ ရွှေမြို့မွေးမြူရေးဇုန် သုတေသနစခန်းအတွင်း ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းကြက် အစာသိုလှောင်ရုံနှင့် နွားခြံများတည်ဆောက်နေမှုနှင့် အောင်ချမ်းသာနို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

     မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ရောက်ရှိပြီး သရုပ်ပြ မွေးမြူရေးခြံများဌာန၏ သင်ကြားမှုအထောက်ကူပြုနို့စားနွား၊ အသားတိုးဝက်၊ အသားစားကြက်နှင့် ဥစားကြက်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအား အထူးပြုဘာသာရပ်အလိုက် မွေးမြူရေးပညာထူးချွန်သူများ မွေးထုတ်ပေးနိုင်ရေး၊ ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် ဆွေးနွေးဖလှယ်ပွဲများ၊ ဟောပြောပွဲများကျင်းပပြီး လွတ်လွတ်လပ်လပ် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့်အစီအစဉ်များ ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။