အဓိကအကြောင်းအရာသို့ သွားမည်
x

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့် ရရှိထားသူများ အနေဖြင့် တည်ဆဲဥပဒေ၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အကျိုးရှိ ထိရောက်စွာ အသုံးချရန်လိုအပ်

    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိထိရောက်စွာ ဖော်ထုတ်အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးနေမှုအပေါ် အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုရန် ဥပဒေ ပြဋ္ဌာန်းထားရှိမှုအပေါ် တိကျစွာ လိုက်နာ ဆောင်ရွက်ရေး နှင့် မြေခွန်များကို သတ်မှတ် ကာလအတွင်း အပြေအကြေကောက်ခံရရှိရေး တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က စနစ်တကျ ကြပ်မတ်ရန်လိုကြောင်း အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သတ္တမ အကြိမ်အဖြစ် ကျင်းပ သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး သို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက် ဆွေးနွေးကြသည်။

စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း နှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြုခွင့် လျှောက်ထားလာသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာများ သို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲ‌ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဗဟိုကော်မတီက ခွင့်ပြု ချထားပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ မှ ယနေ့အထိ စိုက်ပျိုးရေးလုပ်ငန်း အတွက် ဧရိယာ ဧက(၈၀၀၀)ကျော် ၊ မွေးမြူရေး လုပ်ငန်းအတွက် ဧက (၁၀၀၀)ကျော် ၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ဧက(၉၅၃)ကျော် နှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်း အတွက် ဧက(၈၀၀၀)ကျော် ၊ စုစုပေါင်း ဧရိယာ ဧက (၁၈၀၀၀)ကျော်ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

     ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စီးပွားရေး လုပ်ငန်းရပ် အသီးသီးအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုဧရိယာ ဧက(၁၈၀၀၀၀)ကျော် ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ‌ရေး ဗဟိုကော်မတီမှ ခွင့်ပြုထားရှိခဲ့ပြီး ဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စီမံခန့်ခွဲရေး ကော်မတီများမှ ဧက (၂၂၀၀၀၀)ကျော် ခွင့်ပြုခဲ့ပြီးဖြစ်၍ တစ်နိုင်ငံလုံး၌ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက (၄၁၀၀၀၀)ကျော် ခွင့်ပြုပေး ခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါ ခွင့်ပြုဧရိယာများအပေါ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ စိစစ်ရန် သတ်မှတ် အချိန်ကာလ များ ရောက်ရှိနေပြီ ဖြစ်၍ အသုံးပြုခွင့်ရရှိထားသူများ အနေဖြင့် ဥပဒေ၊ စည်းကမ်းချက်များ နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ထားရန် လိုအပ်ပါသည်။

      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ အပိုဒ် (၅၂) အရ စတင် ခွင့်ပြုသည့် နေ့မှစ၍ (၄) နှစ် အတွင်း ပထမနှစ်တွင် (၁၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် (၃၀) ရာခိုင်နှုန်း၊ တတိယနှစ် တွင် (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် (၂၅) ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်း ပြည့် လုပ်ငန်းပြီးစီးသည်ထိ ဖော်ထုတ်လုပ်ကိုင်ရန် ဖြစ်ပြီး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း အတွက် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် ညှိနှိုင်းသတ်မှတ်သည့် ကာလအတွင်း လုပ်ငန်း ပြီးစီးသည်ထိ ဖော်ထုတ်လုပ်ကိုင်ရမည်ဖြစ်သည်။ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားသော်လည်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီးအောင် လုပ်ကိုင်ခြင်းမရှိသည့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ကို ပြန်လည်သိမ်းဆည်းသွားမည့်အပြင် တင်သွင်းထားသော အာမခံကြေးငွေအား နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ စိစစ်အရေးယူခြင်းလုပ်ငန်း ဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်များ ၌ အထူးဖွဲ့များ ဖွဲ့စည်းပေးလျက် ရှိကြောင်း သိရသည်။

     ယနေ့အစည်းအဝေးတွင် ပြည့်စုံမှုရှိသည့်လုပ်ငန်းစာတွဲများအနက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၏ သဘောထားမှတ်ချက် ပြန်ကြား လာသည့် လုပ်ငန်းစာတွဲများ စိစစ် တင်ပြခြင်း ၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှုများအပေါ် စည်းကမ်းချက် သတ်မှတ်ကာလ (၄) နှစ် ပြည့်မြောက် ပြီး ချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု စစ်ဆေး အထူးအဖွဲ့ များ ပြင်ဆင်ဖွဲ့စည်းပေးရန်ကိစ္စရပ်များ ၊ အထူးအဖွဲ့၏ စစ်ဆေးချက်ဖြင့် တင်ပြလာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားပြီး၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသောမြေများအား ပြန်လည်သိမ်းဆည်းရန်ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများက မြန်မာ့စီးပွားရေးဘဏ် သို့ မြေခွန်ပေးသွင်းထားမှုများ ၊ ရရန်ကျန်ရှိသော မြေခွန်များ အပြေအကြေရရှိရေး ကောက်ခံရေး ကိစ္စရပ်များနှင့် မြေခွန်တော်ကြွေးကျန်ရှိသူများအား ဥပဒေနှင့်အညီ စီမံဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။