အဓိကအကြောင်းအရာသို့ သွားမည်
x

တပ်ကုန်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်

  ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၈)စက်မှု လယ်ယာစခန်းမှ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစက်မှုလယ်ယာစခန်း၌ ကျင်းပသည်။

  အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် စက်မှုလယ်ယာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦး၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဝင်းတို့က တောင်သူလယ်သမားများ မြေပြုပြင်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြွေလှေ့ခြင်းစသည့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာ မောင်းနှင်ပြင်ဆင် တပ်ဆင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၈)စက်မှုလယ်ယာစခန်းမှ ဦးစီးမှူး ဦးကျော်မင်းဦးက သင်တန်းသားများကို သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

    ယင်းသင်တန်းတွင် ဒေသခံသင်တန်းသား (၃၀)ဦး တက်ရောက်၌ သင်တန်းကာလမှာ (၁၂)ရက်ဖြစ်ပြီး ထွန်စက်ကြီးနှင့် ထွန်ယက်ကိရိယာများ တွဲဖက်အသုံးပြုခြင်း၊ ထွန်စက်ကြီးနှင့် ထွန်ယက်ကိရိယာ ထိန်းသိမ်းခြင်း၊ Sonalika ထွန်စက်ကြီး မောင်းနှင်လေ့ကျင့်ခြင်း၊ New Holland ထွန်စက်ကြီး မောင်းနှင်လေ့ကျင့်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်လေ့ကျင့်ခြင်း၊ ရိတ်သိမ်း ခြွေလှေ့စက် ထိန်းသိမ်းခြင်းနှင့် အင်ဂျင်တွင်ပါဝင်သော စက်အစိတ်အပိုင်း အကြောင်းအရာများကို သင်တန်းနည်းပြ ဆရာများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ သိရသည်။