အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဆင်းငါးလုပ်ငန်းစခန်းသို့ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)မှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၊ ရေဆင်း ငါးလုပ်ငန်း စခန်းသို့ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီဦး ဆောင်သည့် ဆရာ/ ဆရာမ များနှင့်ပထမနှစ်ဝက်(အကြီးတန်း)ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၁) ဦးတို့ တို့သည်၂၀၂၂ခုနှစ် ဩဂုတ် ၂၀ ရက် နေ့ နံနက်ပိုင်းက လေ့လာရေး လာရောက်ခဲ့ကြပါသည်။

အဆိုပါ လေ့လာရေးအား စိုက်ပျိုးရေးဒီပလိုမာကျောင်းသားကျောင်းသူများအနေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းသဘာဝများကို လေ့လာ သိရှိရန်၊ စာတွေ့နှင့် လက်တွေ့ နှိုင်းယှဉ်သိရှိနိုင်စေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ လာရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့လေ့လာရေးလာရောက်ရာတွင်ငါးလုပ်ငန်းစခန်းတွင်ဆောင်ရွက်နေသည့် ငါးဆေးထိုးသား ဖောက်ခြင်း၊ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP)စနစ်ဖြင့် မွေးမြူထားသော ငါးကန် များအား ကြည့်ရှု့လေ့လာခြင်းနှင့်မျိုးငါး များ ပြုစုထားရှိခြင်းတို့ကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြသည်။

စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးနှင့်အဖွဲ့အား နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ညိုညိုအေးနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ ငါးလုပ်ငန်းစခန်းတာဝန်ခံတို့မှ နွေးထွေးပျူငှာစွာကြိုဆို ကြပြီး ကျောင်းသား ကျောင်းသူ များအား ငါးလုပ်ငန်းဦးစီးဌာနမှဆောင်ရွက်နေသည့် ငါးသယံဇာတများ ရေရှည်တည် တံ့စေရေး၊ အစားအစာ ဘေးအန္တရာယ်ကင်းစင်ရေးအတွက် GAqP စနစ်ဖြင့် ငါးမွေးမြူရေး အကောင်အထည်ဖော်ဆောင်နေမှုများ၊ ရေဆင်းငါးလုပ်ငန်းစခန်းတွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တိုင်းဦးစီးမှူးမှ ပြည့်စုံစွာ ဗဟုသုတဖြစ်ဖွယ် ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများအား ရေဆင်းစခန်းတာဝန်ခံ ဦးအောင်သူမှ GAqP စနစ်ဖြင့် ငါးမွေးမြူရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် အခြေခံမူ ၄ရပ်နှင့် ပတ်သက်၍ရှင်းလင်း ပြောကြား သည်၊           ငါးဆေးထိုးသားဖောက်ခြင်းနှင့် ပတ်သက်၍ လက်တွေ့ပြသပြီး ကျောင်းသားကျောင်းသူ နှင့် ဆရာမများမှ လက်တွေ့ငါးဆေးထိုးခြင်းများဆောင်ရွက်ခဲ့သည်။ ထို့နောက် မျိုးငါးများ ပြုစုထားရှိမှုအား ကြည့်ရှု ကြပြီး ငါးကန်ရေအရည်အသွေးတိုင်းတာမှုနှင့် ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြား ပြီးလက်တွေ့တိုင်းတာစစ်ဆေး ပြသခဲ့ကြပါကြောင်း သိရသည်။