အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြား

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂(Seed Fair 2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊Jean Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊  ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံမျိုးစေ့ အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည် တော်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ စိုက်ပျိုးရေး တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချူပ် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံမျိုးစေ့အသင်း၊ မျိုးစေ့ကုမ္ပဏီ များမှ တာဝန်ရှိသူများနှင့်အတူ ပြပွဲမုဒ်ဉီးရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးလုပ်ငန်းစဉ်အ​နေဖြင့် သာယာဝပြောမှုရှိစေရန်၊ နိုင်ငံတော်တွင်စားရေရိက္ခာပေါများပြီး နိုင်ငံသူနိုင်ငံသားများအားလုံး စားနပ်ရိက္ခာ နှင့် အာဟာရ ပြည့်ဝစွာရရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း၊ ၃၈ သန်းမျှသော နိုင်ငံသူ၊ နိုင်ငံသားများသည် ကျေးလက်ဒေသ များတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်း ကျောင်း ပြုကြသူများဖြစ်ကြောင်း၊ နိုင်ငံ၏အဓိကဝင်ငွေရရှိရေးအတွက်လည်း ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများ ထုတ်ယူရာတွင် နည်းပညာကို အခြေခံပြီးလုပ်ဆောင်ကြကြောင်း၊ လက်ရှိမိမိတို့ နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၌ အများစုသည် လုပ်အားကိုအခြေပြု၍ ဆောင်ရွက်နေကြခြင်းဖြစ်သည့်အတွက် လုပ်ဆောင်သည်နှင့် ညီမျှသည့်  အကျိုး အမြတ်များရရှိအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍနှင့်စပ်လျဉ်း၍ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် တောင်သူလယ် သမားများ ဝင်ငွေတိုးတက်စေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအတွက် မျိုးကောင်းမျိုးသန့်များရရှိ စိုက်ပျိုးထုတ်လုပ်နိုင်ရေးသည် လယ်ယာကဏ္ဍအတွက် အရေးအကြီးဆုံးလုပ်ငန်း စဉ်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်ထွန်းအောင်မြင်လိုပါက မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ၄ ချက်ကိုအလေးထား ဆောင်ရွက်ရန် အမြဲတိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ ထို့ကြောင့် မျိုးကောင်း မျိုးသန့်များကိုအခြေခံပြီး အခြားလုပ်ငန်းရပ် ၃ ခုဖြင့် ဖြည့်တင်းဆောင်ရွက်သွား ကြရခြင်းဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်၍ စိုက်ပျိုးရေးပြုလုပ်ရာတွင် မြေကိုစနစ် တကျပြင်ဆင်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများထည့်သွင်းခြင်းဖြင့် သီးနှံများအတွက် အာဟာရပြည့်ဝစွာ ရရှိအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း တိရစ္ဆာန်များအတွက် မြေကိုကောင်းအောင် ဆောင်ရွက်ပေးခြင်းနှင့် အာဟာရပြည့်အောင် အစာကျွေးမွေးခြင်းများကိုဆောင်ရွက် ရကြောင်း။

မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဖြင့် ရောဂါပိုးမွှားဒဏ်ခံနိုင်မှု၊ ရေငတ်ဒဏ် ခံနိုင်မှု၊ ရေဝပ်ဒဏ်ခံနိုင်မှု၊ အပူချိန်နိမ့်မြင့်ဒဏ်ခံနိုင်မှု၊ အထွက်ပိုမိုရရှိမှုစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ တောင်သူများအနေဖြင့် သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်းပါ တိုးတက်လာပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသော လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာစျေးကွက် သို့ ချိတ်ဆက်တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဝင်ငွေများမြင့်မားတိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ်မျိုးစေ့ပြပွဲ၏ ဆောင်ပုဒ်အနေဖြင့် “လူမှုစီးပွား တိုးတက်ဖို့၊မျိုးကောင်းမျိုးသန့်သုံးကြစို့”ဟုသတ်မှတ်ပြီး ကျင်းပခြင်းဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် လယ်ယာထွက်ကုန်ပစ္စည်း များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံစွာ ရရှိစေရန်အတွက် သီးနှံ တန်ဖိုး ကွင်းဆက်တစ်လျှောက်လုံးတွင် မျိုးစေ့စတင်ထုတ်လုပ်သည်မှ ဖြန့်ဖြူးခြင်း အပါအဝင် ထိန်းသိမ်းသိုလှောင်ခြင်း၊ ခေတ်မီနည်းပညာများဖြင့် တန်ဖိုးမြင့်ပစ္စည်း များ ထုတ်လုပ်ခြင်း၊ စနစ်တကျထုပ်ပိုးပြီး စျေးကွက်သို့ တင်ပို့ရောင်းချခြင်းများ အထိ အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ရေမြေ အခြေအနေ ကွဲပြားခြားနားမှုရှိသည့် ဒေသအလိုက် ကောင်းစွာဖြစ်ထွန်းပြီး၊ အရည်အသွေးစံချိန်စံညွှန်းနှင့်ကိုက်ညီသည့် မျိုးစေ့များ ထုတ်လုပ်နိုင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူဆောင်ရွက်သည့် တစ်နှစ်တာကာလအတွင်း နိုင်ငံတော်၏ အဓိက သီးနှံများဖြစ်သည့် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတွင် စီးပွားဖြစ် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ဆီထွက် သီးနှံနှင့်ပဲမျိုးစုံ မျိုးစေ့ထုတ်စိုက်ဧကပေါင်း (၄၅၅၂)ဧက၊ စပါးသီးနှံအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် မျိုးစေ့ထုတ်စိုက်ဧကပေါင်း (၈၀၄၈) ဧကစိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့သည်ကို စာရင်းများအရ သိရှိရသည့်အတွက် ရှေ့လာမည့်နှစ်များတွင် ယခုထက်မက ပိုမိုထုတ်လုပ်နိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများမှ ရင်းနှီးမြှုပ်နှံ မှုများ တိုးမြှင့်စေရေးကို အားပေးရန် တိုက်တွန်းလိုပါကြောင်း။

“မျိုးစေ့မမှန်၊ ပင်မသန်” ဆိုသည့်စကားအတိုင်း မျိုးစေ့မကောင်းပါက အထွက်နှုန်းလျော့နည်းပြီး တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာမည်ဖြစ်သဖြင့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသည့်အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကူညီပံ့ပိုးထောက်ခံချက်များဖြင့် နိုင်ငံသားကုမ္ပဏီများ သာမက နိုင်ငံခြားသားကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက် နေနိုင်ကြပြီဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ရေး လုပ်ငန်းသည် ပြည်တွင်းလိုအပ် ချက်အတွက်သာမက ပြည်ပသို့ မျိုးစေ့တင်ပို့မှုအတွက်ကိုပါ ဆောင်ရွက်နိုင်ပြီး အကျိုးအမြတ်ကောင်းစွာ ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများ၏ အကျိုးကိုရှေးရှုပြီး၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများပါ ဟန်ချက်ညီပူးပေါင်းပါဝင် ဆောင်ရွက်သွား ကြရန်တိုက်တွန်းလိုပါကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံ၏ ကွဲပြားခြားနားသည့် ဒေသ ရေမြေ ရာသီဥတု အနေအထားအရ သီးနှံမျိုးပေါင်းများစွာကို မျိုးစေ့ထုတ်လုပ်နိုင်ရန်အတွက် အခြေ အနေ ကောင်းများစွာရှိနေရာ မျိုးစေ့ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် လိုအပ်သည့်ပြင်ဆင်မှုများ၊ ဖြေလျှော့မှုများ၊ ပံ့ပိုးကူညီမှုများကိုသာ ဖန်တီးပေးနိုင်ပါက မျိုးစေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်း လာပြီး တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက် နေသောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုး ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မျိုးစေ့ကို နိုင်ငံခြားမှ တင်သွင်းဖြန့်ဖြူး ခြင်းထက် ပြည်တွင်း၌မျိုးစေ့ထုတ်လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ပြီး၊ ပြည်တွင်းလုံလောက်မှုရှိရုံသာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေး အတွက် ကိုပါ ကြိုးပမ်းဆောင်ရွက်သွားကြရန်အတွက်လည်း ထပ်လောင်းပြောကြားလိုပါ ကြောင်း။

မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲမျိုးစေ့နှင့်သက်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ် လုပ်ငန်းများ ရေရည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းမှုရှိသော အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး သွားကြရန်အတွက်လည်း အထူးမှာကြားလိုပါကြောင်း။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် အပါအဝင် ဖြစ်သည့် “တောင်သူလယ်သမားများ သွင်းအားစု(မျိုးစေ့)များကို လွယ်ကူ အဆင် ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံဆောင်ရွက်ရန်” ဆိုသည့် ပြဋ္ဌာန်းချက် နှင့်အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယခု “Seed Fair 2022” သည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေမှသည် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်အဆင့်များအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားကြရန်နှင့် အစိုးရဌာနနှင့်ပုဂ္ဂလိကတို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ကြခြင်းဖြင့် မျိုးစေ့ကဏ္ဍပိုမိုဖွံ့ဖြိုးလာစေပြီး တောင်သူလယ်သမားများ၏ အကျိုး စီးပွားကို ဆတက်ထမ်းပိုး တိုး၍ထမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦတင်ထွဋ်ဦးက မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022)ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်ကြသူများသည် မျိုးစေ့ပြပွဲ အတွင်း  ခင်းကျင်းပြသထားသော ပြခန်းများနှင့် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း အတွင်းရှိ စိုက်ခင်းများကို စိတ်ပါဝင်စားစွာဖြင့် ၄ နာရီခန့်ကြာ အသေးစိတ်ပြန်လည် လှည့်လည်ကြည့်ရှုသည်။

တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်း ဆွေးနွေးပြီး ရေရှားပါးသည့်ဒေသများရှိ တောင်သူများစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ရေအစက်ချစနစ်ဖြင့်ဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်အစာ ရှားပါးသည့် ဒေသများတွင်လည်း နှံစားပြောင်း၊ ကောက်ရိုးနှင့်မြက် စသည့် တိရစ္ဆာန်အစာများ ချဉ်ဖတ်ပြုလုပ်ခြင်းကဲ့သို့ တန်းဖိုးမြင့်အစားအစာများ ကျွေးမွေးနိုင်ရေး၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးကိုတွဲဖက်၍ မိတ်ဖက် ကုန်ထုတ်လုပ်ငန်းဖြစ်အောင် ကြိုးပမ်းဆောင် ရွက်ကြရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသအလိုက်ကိုက်ညီသည့် ရာသီမရွေးစိုက်ပျိုးနိုင်သည့် နည်းစနစ်များသုတေသနပြုလုပ်၍ တောင်သူများ သိရှိနိုင်စေရေး စသည်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တီထွင်ကြိုးပမ်းပြီး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားပြီး အခြားလိုအပ်သည် များကို အကြံပြုဆွေးနွေးခဲ့သည်။

မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022)ကို မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ် သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင်မျိုး ကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရ သည်။

ယခုပြပွဲကို “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့” ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့၊ ပျိုးပင်၊ ပြခန်း ပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိက ပြခန်းများ စုံလင်စွာ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး မျိုးစေ့ဆိုင်ရာ အချက်အလက် များကိုလည်း www.myanmarseedportal.gov.mm တွင်အချိန်နှင့်တပြေးညီ ကြည့်ရှု လေ့လာနိုင်ကြောင်းနှင့် မျိုးစေ့ပြပွဲ ၂၀၂၂ အခမ်းအနားကို (၅) ရက် ကျင်းပသွားမည်ဖြစ်ကာ ပြပွဲရက်အတွင်း စကားဝိုင်းဆွေးနွေးပွဲများ၊ တောင်သူနှီးနှော ဖလှယ်ပွဲများနှင့် နည်းပညာအခြေပြု စိုက်ပျိုးပညာပေးရေးလုပ်ငန်းများကို ထည့်သွင်း ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)အတွင်းရှိ သမိုင်းဝင် အဆောက် အဦများဖြစ်သည့် စက်မှုဌာန၊ ကျောင်းရုံးခန်းနှင့် ရှေးဟောင်းလယ်ယာသုံးစက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ လက်သမား ပစ္စည်းများနှင့် အခြားပစ္စည်းများကို လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ရှေးဟောင်း သမိုင်းဝင်အဆောက်အဦများကို ရှေးဟောင်းလက်ရာများအတိုင်း စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

အဆိုပါ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)ကို ၁၉၁၉ ခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် စိုက်ပျိုးရေးကျောင်း အဖြစ် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း၊ စိုက်ပျိုးရေးသင်တန်းကျောင်းကို ၁၉၂၃ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်မှစ၍ စိုက်ပျိုးရေးသင်တန်းများ အပြင် မွေးမြူရေးသင်တန်းများကိုပါ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်မှ ၁၉၉၉ ခုနှစ် အထိ မွေးမြူရေးဒီပလိုမာလက်မှတ်ရ ၁၁၄ ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ထူးချွန်ဆရာဆရာမများ ကိုလည်းမွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)သည် မြန်မာနိုင်ငံ၏ ခေတ်မီစိုက်ပျိုးရေး အတွက် သန္ဓေချပေးခဲ့သည့်နေရာတစ်ခု ဖြစ်သည့်အပြင် ၁၉၄၂ ခုနှစ်တွင် ဗမာ့ ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)၏ ဌာနချုပ်အဖြစ် တပ်စွဲခဲ့သည့် သမိုင်းဝင် နေရာတစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိသည်။

Credit: www.agri.com.mm