Skip to main content
x

အစေ့ထုတ်ပြောင်းစပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မိဘမျိုးများ မျိုးသန့် မျိုးထိန်းမျိုးပွားများခြင်း သင်တန်းဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၈

အစေ့ထုတ်ပြောင်းစပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မိဘမျိုးများ မျိုးသန့်မျိုးထိန်း မျိုးပွားများခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိစိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ယခုသင်တန်းတွင် မျိုးစေ့ထုတ်လုပ် သူတစ်ယောက် သိသင့်သိထိုက်သည့် စတင်မစိုက်ပျိုးမီ မျိုးစေ့အရည်အသွေး အကဲဖြတ်သည်မှစ၍ ရိတ်သိမ်းပြီးချိန်၊ သိုလှောင်ချိန်၊ ဖြန့်ဖြူးချိန်အထိ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းကို စာတွေ့လက်တွေ့ သင်ကြားပေးစေလိုကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသားများအနေဖြင့် မိမိတို့လုပ်ငန်းအစဉ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာမခံမှုပေးနိုင်ရေးအတွက် အလေးထားသင်ယူကြပြီး စဉ်ဆက်မပြတ်လေ့လာ သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက အစေ့ထုတ်ပြောင်းစပ်မျိုး မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မိဘမျိုးများ မျိုးသန့်မျိုးထိန်းမျိုးပွားများခြင်း လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္ပဏီများနှင့် စပ်မျိုးပြောင်းမျိုးများ ပူးပေါင်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်တို့ကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဧရာဝတီမျိုးစေ့ကုမ္ပဏီ၊ New Asia Hi- Tech Seed Co., Ltd၊ Top Partner Co.,Ltd၊ ဇွဲထက်ဝေကုမ္ပဏီ၊ Aventine Limited Co.,ltd (အာမိုကုမ္ပဏီ)၊ Shinno Company၊ Agro Yadanar Co., Ltd၊ Myanmar Inno Farmers Co., Ltd တို့က ဆွေးနွေးတင်ပြကြသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္ပဏီများမှ သင်တန်းသား ၅၀ တက်ရောက်ကြပြီး စပ်မျိုးပြောင်းဖူး မျိုးကူးစပ်မွေးမြူခြင်း နည်းလမ်းများ၊ စပ်မျိုးပြောင်း မျိုးသစ်များရရှိရန် သုတေသန ဆောင်ရွက်မှု၊ စိုက်ပျိုးနည်းစနစ်များနှင့် သက်တမ်းအလိုက် အပင်ပြုစုနည်းစနစ်များ၊ စပ်မျိုးပြောင်း မျိုးစေ့ထုတ်လုပ်ခြင်း၊ မိဘလိုင်းများ မျိုးသန့်မျိုးထိန်းမျိုးပွားများခြင်း၊ ပြောင်းဖူးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှား၊ ရောဂါများ၊ မျိုးစေ့ဥပဒေနှင့် အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်