Skip to main content
x

စိုက်ပျိုးရေးသုတေသနဦးစီးဌာန အား ဦးစီးဌာန အဖြစ် ဖွဲ့စည်းတည်ထောင်ခြင်း (၁၉)နှစ်ပြည့်အခမ်းအနားကျင်းပ

    စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၉) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များ ၊ အငြိမ်းစားပညာရှင်များ၊ သုတေသနပညာရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

     အခမ်းအနားတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံတော်အစိုးရ က မူဝါဒများပြင်ဆင်ချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း တို့ကို ခေတ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာတွင် စိုက်ပျိုးရေး သုတေသနလုပ်ငန်း သည်လည်း အခြေခံအရေးပါသည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ဒေသ၊ ရာသီဉတု အနေအထားအလိုက် သင့်တော်ကောင်းမွန်သည့် သီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ သီးနှံစိုက်ပျိုးနည်းစနစ်နှင့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးသုံးစွဲခြင်း ဆိုင်ရာ သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆယ်စုနှစ် ပေါင်းများစွာ ဆောင်ရွက် လာခဲ့သည့် ဌာနအဖြစ် တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ ဖွဲ့စည်းပုံကို တိုးချဲ့ ဖွဲ့စည်းပြီး ပညာရှင်အင်အား၊ သက်ဆိုင်ရာရာထူးတာဝန် အဆင့်ဆင့်အလိုက် အလျင်အမြန် ဖြည့်ဆည်းခန့်ထား ပေး နိုင်ရန် ဝန်ကြီးဌာန က အလေးထား ဆောင်ရွက်ပေး လျက် ရှိသကဲ့သို့ အခြေခံအဆောက်အဦများ၊ အရင်းအမြစ်များ ပြည့်ပြည့်စုံစုံ ရရှိရေး ကိုလည်း ဆက်လက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အပင် ၊ မျိုးစေ့ ၊ သွင်းအားစု ၊ ရောဂါပိုးမွှား အပါအဝင် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေး အတွက် လိုအပ်သော သုတေသန လုပ်ငန်းများကို အာရုံစူးစိုက် ဆောင်ရွက်ပြီး သုတေသနဖော်ထုတ်တွေ့ရှိချက် ရလဒ်များကို အကျိုးရှိထိရောက်စွာ ဆက်လက် အသုံးပြုသွားရန် ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းတိုင်း အဖြေကောင်းမရနိုင်သော်လည်း သုတေသနရလဒ်ကောင်းတစ်ချက်သည် မမျှော်မှန်းနိုင် သော အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သဖြင့် သုတေသနပညာရှင်များအနေဖြင့် မိမိတို့ ကျွမ်းကျင်ရာပညာရပ်များဖြင့် နိုင်ငံတော်နှင့် လယ်ယာကဏ္ဍ အတွက် အကျိုးပြုနိုင်ရေး အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ဖြင့်ပြောကြားသည်။

   ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်ာတာနိုင်ကြည်ဝင်း က နှုတ်ခွန်း ဆက်စကားပြောကြားပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းအားပြသသည်။

    အခမ်းအနားတွင် ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ် တို့က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ထူးချွန်ဝန်ထမ်းများအား ဆုများချီးမြှင့်ပြီး ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသနရလဒ်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

    ၁၉၀၈ ခုနှစ် တွင် စိုက်ပျိုးနည်းစနစ် သုတေသနလုပ်ငန်း ကို စတင်ဆောင်ရွက်ခဲ့ပြီး  ၁၉၅၄ ခုနှစ်၊ တွင် စိုက်ပျိုးရေး သုတေသနဗိမာန် (Agricultural Research Institute – ARI) အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗဟိုစိုက်ပျိုးရေးသုတေသနဌာန အဖြစ် လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်း၍ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ၏အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် သုတေသနလုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာ တိုးမြှင့် ဆောင်ရွက်နိုင်ရန် ၂၀၀၄ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန အဖြစ် နိုင်ငံတော်အစိုးရ က တိုးမြှင့်ဖွဲ့စည်းပေးခဲ့ပြီး အရာထမ်း အမှုထမ်း စုစုပေါင်း အင်အား ၁၅၀၀ ကျော် ဖြင့် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး သုတေသနခရီးမှာ (၆၉)နှစ် တိုင်ခဲ့ပြီဖြစ်သကဲ့သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အဖြစ် (၁၉)နှစ်ပြည့်မြောက်ခြင်းဖြစ်သည်။

     ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဆရာမများအိပ်ဆောင်နှင့် ဉယျာဉ်ခြံသီးနှံဌာနစု အဆောက်အဦး များ ပြုပြင် မွန်းမံပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသတင်းရရှိသည်။