Skip to main content
x

မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့် သဘောတူညီမှု လက်မှတ်ရေးထိုး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ ဖယ်ဒရယ်ငါးလုပ်ငန်း အေဂျင်စီ၏ အကြီးအကဲ Mr. Ilya Shestakov ၏ ဖိတ်ကြားချက် အရ စိန့်ပီတာစဘတ်မြို့ St. Petersburg Exhibition and Convention Center ၌ ကျင်းပလျက်ရှိသည့် (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ် နှင့် ဆက်စပ် လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်း ကုန်စည်ပြပွဲသို့ တက်ရောက်လျက်ရှိကြောင်းသိရသည်။

စက်တင်ဘာလ (၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်ပြပွဲ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့ အကြီးအကဲ Mr.Ilya Shestakov တို့က  မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများ အပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီမှု လက်မှတ်ရေးထိုးကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဌ ဒေါက်တာတိုးနန္ဒာတင်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးလှသန်း နှင့် ရေလုပ်ငန်းဆိုင်ရာပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း ၊  သဘောတူညီမှုတွင် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့် ဆက်စပ်သော ပင်လယ်ပြင် ငါးသယံဇာတတည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံ ဇာတ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင် ရေသယံဇာတ စီမံခန့်ခွဲမှု၊ တရားမဝင် ငါးဖမ်းစီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်း နှင့် ရေသတ္တဝါ မွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေး လုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်းစီးခြင်း လုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသော ငါးလုပ်ငန်း ဆိုင်ရာ ကဏ္ဍများ၌ အပြန်အလှန် စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်း တို့ ပါဝင်ကြောင်း သိရသည်။