Skip to main content
x

မြေဩဇာကော်မတီ ၏ (၃၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ

 မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် သုံးစွဲနေသော မြေဩဇာများ အရည်အသွေး၊ စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရန် နှင့် မြေဩဇာ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ ဖြန့်ချိရောင်းချခြင်း စသည့် လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းထားသော မြေဩဇာ ကော်မတီက တည်ဆဲမြေဩဇာဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက် လျက်ရှိပြီး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် မြေဩဇာ မှတ်ပုံတင်များထုတ်ပေးနိုင်ရန် မြေဩဇာကော်မတီ အစည်းအဝေးများကို ကျင်းပ ဆောင်ရွက်လျက်ရှိရာ (၃၆) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ(၂၈)ရက် နံနက် ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် နှင့် သက်ဆိုင်ရာဦးစီးဌာနအသီးသီးမှ မြေဩဇာကော်မတီဝင်များ စုံညီစွာတက်ရောက်ကြပြီး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးအမှာစကားပြောကြားရာတွင် စိုက်ပျိုးသီးနှံများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရန် ၊ တောင်သူများ အရည်အသွေးပြည့်ဝသော မြေဩဇာများကို ဈေးနှုန်း သက်သာစွာဖြင့် သုံးစွဲနိုင်ရန် အတွက် နိုင်ငံတော် က ဆက်စပ် ပြည်ထောင်စု ဝန်ကြီးဌာနများ ပါဝင်သော ယူရီးယားမြေဩဇာ ဖြန့်ဖြူး ရောင်းချရေး ဦးဆောင် ကော်မတီ ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ စွမ်းအင်ဝန်ကြီးဌာန ကလည်း ယူရီးယား ခွဲတမ်းသတ်မှတ်ရေးကော်မတီ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာဝ မြေဩဇာ ထုတ်လုပ်မှု ပံ့ပိုးရေး အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန တို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ဓာတ်မြေဩဇာ ကို သဘာဝ မြေဩဇာများဖြင့် တွဲဖက်အသုံးပြု၍ သီးနှံ အထွက်နှုန်း နှင့် အရည်အသွေး တိုးတက် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က နည်းပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက် ပြသခြင်း၊ ပံ့ပိုးပေးခြင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများကို အားပေး ကူညီခြင်းများ တိုးမြှင့်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြေဩဇာကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက် ရမည့် လုပ်ငန်းများအား တင်ပြရာ ကော်မတီဥက္ကဌ နှင့် ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် သုံးသပ် ဆွေးနွေးခဲ့ကြသည်။

 

ယနေ့အစည်းအဝေးတွင် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရွက်ဖျန်း မြေဩဇာအဖြစ် အသုံးပြုနေသော ပိုတက်စီယမ်နိုက်ထရိတ် ဓာတ်မြေဩဇာ နှင့် ထိန်းချုပ်ဓာတု ပစ္စည်း စာရင်း ၌ ပါဝင်ပြီး ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေး အဖွဲ့၏ ထောက်ခံချက်ပါယူရမည့် ကွန်ပေါင်းမြေဩဇာများ ထုတ်လုပ်ရာတွင် အသုံးပြုနေသော Ammonium Chloride ဓာတ်မြေဩဇာထောက်ခံချက်ပေးခြင်း ဆိုင်ရာကိစ္စရပ်များ ၊ မြေဩဇာထုတ်လုပ်ခွင့် လျှောက်လွှာ(၁၁၅)စောင် ၊ မြေဩဇာတင်သွင်းခွင့်လျှောက်လွှာ(၂၄၃)စောင်၊ မြေဩဇာ မှတ်ပုံတင် သက်တမ်းတိုးခြင်း၊ ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း လုပ်ငန်းဆိုင်ရာများ ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း၊ မြေဩဇာ ကော်မတီ (၃၅) ကြိမ်မြောက် အစည်းအဝေး အထိ မြေဩဇာမှတ်ပုံတင်စုစုပေါင်း (၉၂၀၅) စောင်ကို  ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

credit: www.agri.com.mm