လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများကို တောင်သူများနှီးနှောဖလှယ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်သည့် တောင်သူနည်းပညာဆွေးနွေးပွဲ (၁၀၈) ကြိမ်မြောက် အောင်မြင်စွာကျင်းပ
နေပြည်တော်၊ မတ် ၂၈
တောင်သူများကြုံတွေ့နေကြရသော လယ်ယာကုန်ထုတ်လုပ်မှု ဆိုင်ရာအတွေ့ အကြုံများကိုနှီးနှောဖလှယ်နိုင်ရေး နှင့် ညှိနှိုင်းအဖြေရှာနိုင်စေရန် ရည်ရွယ် ကျင်းပ သည့် တောင်သူနည်းပညာ ဆွေးနွေးပွဲများကို ၂၀၂၃ ခုနှစ် ၊ ဩဂုတ် ၅ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်နေ့တွင် (၁၀၈)ကြိမ်မြောက် အဖြစ် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ၊ ဆွေးနွေးပွဲများ၌ တောင်သူများကြုံတွေ့ရသော စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အခက်အခဲပြဿနာများ အား ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ဗဟုသုတများကို ကဏ္ဍအလိုက် ခေါင်းစဉ်များခွဲ၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဦးဆောင်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များ ၊ သုတေသီများ က ဟောပြောဆွေးနွေးခြင်း၊ တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ် ရှင်းလင်းဖြေကြားပေးခြင်း၊ ကူညီဆောင်ရွက်ပေးရန်လိုအပ်ချက်များအား သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းပေးခြင်းများကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လယ်ယာကဏ္ဍအတွက် အကျိုးရှိသော အထောက် အပံ့ကောင်း ဆောင်ရွက်မှု အဖြစ် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။
Onlineစနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၀၈)ကြိမ်မြောက် ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က အမှာစကား ပြောကြားရာ၌ တောင်သူကြီးများ အနေဖြင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များကို လုံလောက်စွာသုံးစွဲနိုင်ကြစေရန် မိမိတို့ ကိုယ်တိုင် မျိုးစေ့ထုတ် သည့် ကဏ္ဍတွင် ပါဝင်ကြရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ် လုပ်မှုကို ရရှိစေရန် လောင်စာဆီအသုံးပြုရသည့်စက်အင်အားကို ထိရောက်အောင်သုံးစွဲပြီး စက်ဖြင့်ဆောင်ရွက်၍မရနိုင်သော အနုစိတ်လုပ်ငန်းများကို တိရစ္ဆာန်အင်အားဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ရန်လိုကြောင်း၊ မြေကြီးတွင် မျှတသည့် ရေနှင့်လေရှိရန် လိုအပ်ကြောင်း၊ ရေကိုလှောင်၍ ရေဝပ်အောင်ထားပြီး မြေပြင်သည့်နည်းသည် မီသိန်းဓာတ်များထွက်ရှိနိုင်သည့်အတွက် ထွန်ရေးညက်မှ ရေသွင်း၍ လယ်လူးခြင်း ပြုလုပ်ရန်၊ တောင်ယာများ မီးမရှို့ကြရန်၊ သဘာဝ ပျားများ မဖွတ်ကြရန်၊ လူစာ၊ တိရိစ္ဆာန်စာ၊ မြေစာ၊ ပျားစာပင်များနှင့် အရင်းကျေ သီးနှံများ ဖြစ်သော ဟင်းသီး ဟင်းရွက်ကို ကွက်လပ်မကျန် ကန်သင်းရိုးတွင် စိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တောင်သူကြီးများ၏ လိုအပ် ချက်ကို အခြေခံသည့် တီထွင်ဆန်းသစ်မှုဆောင်ရွက်ရန်နှင့် ပန်းတိုင်အထွက် နှုန်းရရှိရန် မရိတ်သိမ်းခင် အပင်ဦးရေပြည့် မပြည့်ပြန်လည် စစ်ဆေးခြင်း၊ အသုံးချသုတေသန ကို ပြန်လည်ဖွဲ့ စည်းဆောင်ရွက်ခြင်း နှင့် ၂၀၂၆-၂၀၂၇ တွင် “မြေဆီဩဇာရှင်သန်ထက်မြက်ရေး စီမံကိန်း” တို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် စိုက်ပျိုးပညာပေးရေးနှင့် နည်းပညာ ပြန့်ပွားရေးဘာသာရပ် ကို သေချာစွာသင်ကြားပေးရမည် ဖြစ်ကြောင်း၊ ပညာရှင်များ အနေဖြင့် မိမိတို့သိထား တတ်ထားသည်များကို တောင်သူများ နားလည်အောင် ပြောရန်မှာ များစွာအရေးကြီးကြောင်း၊ စိုက်ပျိုးပညာပေးအနေဖြင့် တောင်သူ လယ်သမားလက်စွဲစာစဉ်များ၊ သက်ကြီးဖတ်စာများနှင့် လက်ကမ်းစာစောင်များ ရေးသားထုတ်ဝေရန်လိုအပ် ကြောင်း၊ AI နှင့် မိုဘိုင်းနည်းပညာကို ထိရောက်စွာ သုံးစွဲခြင်းနှင့် တောင်သူလယ်သမားများ ပါဝင်သော သုတေသနများပြုလုပ်ရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ တိုင်းဒေသကြီးပြည်နယ်များမှ Onlineဖြင့် တက်ရောက်နေသော ပညာရှင်များက ရေသွင်း၊ ရေခမ်းစနစ်၊ သီးနှံကာကွယ် ရေး၊ အိမ်ခြံဝန်းဥယျာဉ်၊ ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အဝါရောင်မှိုစိမ့်ရောဂါဒဏ်ခံနိုင်သော မျိုးများရွေးချယ် စိုက်ပျိုးရန်၊ နေကြာသီးနှံ၊ စပ်မျိုးပြောင်းသုတေသန၊ စပါးသီးနှံနှင့် ပတ်သက်၍ စပါးမျိုးကောင်း မျိုးသန့်စိုက်ပျိုးခြင်းနှင့် တောင်သူပူးပေါင်းပါဝင်သော စပါးမျိုးစေ့ ထုတ်လုပ်ငန်းများ၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများ၊ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး အထွက်ကောင်းဗီဇများ ထည့် သွင်းထားသော ရေဆင်းပေါ်ဆန်း (၁) ၊ ပေါ်ဆန်း(၂)၊ တောင်သူများအား လူထုဆက်သွယ်ရေး မီဒီယာကိုအသုံးပြု၍ နည်းပညာဖြန့်ဝေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ်၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့် သုတေသီပညာရှင်များ၊ စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခများနှင့် ဆရာ ဆရာမများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများ ၂၄၈ ဦးတို့က zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
