မန္တလေးတိုင်းဒေသကြီးအတွင်း အသား/ငါး မွေးမြူထုတ်လုပ်မှုတိုးတက်ရေးနှင့် ကော်ဖီစိုက်ဧကပြည့်မီရေး ဆွေးနွေးမှာကြား
နေပြည်တော် ဇူလိုင် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု နောင်ဝယ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဒေါ်အေးနွမ်းစံ၏ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒေသခံမွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့်လာရေးအတွက် တောင်သူကိုယ်တိုင် မျိုးချန်မျိုးပွားစိုက်ပျိုးနိုင်သည့် သီးနှံမျိုးများကို မျိုးပွားဖြန့်ဖြူးပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး တိရစ္ဆာန်အထောက်အကူပြုဆေးဝါးများပေးအပ်၍ နို့စားနွားနှင့် ဒေသနွားများ မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဇူလိုင် ၆ ရက်တွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကျေးရွာရှိ ရွှေကောင်းကင်ကုမ္ပဏီလီမိတက်နှင့် ကြက်သားဖောက်လုပ်ငန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိ၍ ဥစားကြက်မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)သို့ ရောက်ရှိပြီး ပြင်ဦးလွင်ခရိုင်/ မြို့နယ် ခြံတာဝန်ခံများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ခြံ၏ရေမြေသဘာဝနှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြင့် ပြင်ဦးလွင်မြို့၏ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကော်ဖီစိုက်တောင်သူများ စိုက်ဧကပြည့်မီရေးကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အားတွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသားနှင့်ငါးမွေးမြူထုတ်လုပ်မှု အားကောင်းလာစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသနေပြည်သူများအား သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်