Skip to main content
x

ပဲလွမ်းသီးနှံ၏ Bruchidဒဏ်ခံနိုင်ရည်ရှိသည့် မျိုးရိုးဗီဇဆိုင်ရာ တွက်ချက်မှုများအား လေ့လာခြင်းအကြောင်း အသိပညာမျှဝေသည့် စာတမ်းဖတ်ပွဲကျင်းပ

ပြည်တော် ဇွန် ၂၂

            စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ် အစည်းအဝေးခန်းမတွင် ဇွန်လ(၁၄)ရက် နေ့လည် (၂) နာရီအချိန်က နိုင်ငံခြားပြန် ပညာတော်သင် များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံကျော်ဖြတ်ခဲ့ရသော အခက်အခဲများနှင့် ပညာသင်ဘွဲ့ အတွက် တင်သွင်းခဲ့သော သုတေသနစာတမ်းအကြောင်း အသိပညာမျှဝေသည့် သုတေသနစာတမ်းဖတ်ပွဲ တစ်ရပ်ကိုကျင်းပခဲ့ပါသည်။           

            စိုက်ပျိုးရေးသုတေသနဉီးစီးဌာနရှိ သုတေသနလုပ်ငန်းအသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြ သည့် သုတေသီများ၏ အသိပညာဗဟုသုတများပိုမိုကျယ်ပြန့်လာစေရေး၊ မိမိတို့ ဆောင်ရွက်နေသည့် သုတေသနများနှင့် ဆက်စပ်၍ ပိုမြင့်မားသည့် အတွေးသစ်၊ အမြင်သစ်များရရှိ လာရေးရည်ရွယ်ကာ HRD program တစ်ခုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

            အဆိုပါ စာတမ်းဖတ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဒေါက်တာစုစုဝင်းနှင့် ညွှန်ကြားရေးမှူး များ၊ သုတေသနဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသီ ပညာရှင်များတက်ရောက်ခဲ့ကြပါသည်။

            စာတမ်းဖတ်ပွဲ၌ စာတမ်းရှင်ဖြစ်သည့် သုတေသနလက်ထောက်-၂ ဒေါ်ခင်သန္တာ က “ပဲလွမ်း သီးနှံ၏ Bruchid ဒဏ်ခံနိုင်ရည်ရှိသည့် မျိုးရိုးဗီဇဆိုင်ရာ တွက်ချက်မှုများအားလေ့လာခြင်း” ခေါင်းစဉ် ဖြင့် စာတမ်းဖတ်ကြားရာ ပဲလွမ်းသီးနှံတွင် သိုလှောင်ချိန်၌ ဆိုးရွားစွာကျရောက်သည့် bruchid ခေါ် မျိုးစေ့ဖောက်ပိုး၏ မျိုးကွဲများအနက် ပဲလွမ်းသီးနှံအပါအဝင် ပဲမျိုးစုံသီးနှံတွင် အဓိကဖျက်ဆီးကျရောက် သည့် Callosobruchuschinensis နှင့် Callosobruchusmaculatus ကြောင့် ပဲလွမ်းသီးနှံတွင် အရည် အသွေးနှင့် အရေအတွက်ပါ ဆုံးရှုံးပျက်စီးစေသဖြင့် C.chinensisနှင့် C.maculatus ဒဏ် ခံနိုင်ရည် ရှိသော ပဲလွမ်းသီးနှံများ ရှာဖွေဖော်ထုတ်ရန် လိုအပ်ခြင်း၊ ဤသို့ bruchid ဒဏ်ခံနိုင်ရည်ရှိသည့် ပဲလွမ်း သီးနှံမျိုးလိုင်းများရှာဖွေရာ၌ သမရိုးကျမျိုးမွေးမြူ ရွေးချယ်ခြင်းနည်းလမ်းအား မော်လီကျူလာနည်းဖြင့် ပေါင်းစပ်၍ ရှာဖွေလေ့လာခြင်းသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် အရည်အသွေးနှင့် အထွက်နှုန်းကောင်းပြီး ပိုးမွှားဒဏ် (အထူးသဖြင့် bruchid ဒဏ်) ခံနိုင်ရည်ရှိသော ပဲလွမ်းသီးနှံမျိုးလိုင်း များရှာဖွေရာ၌ များစွာအထောက် အကူရရှိမည် ဖြစ်ခြင်းနှင့် ပဲလွမ်းသီးနှံသည် သတ္ထုဓါတ်၊ အသားဓါတ် နှင့် ဗီတာမင်ဓါတ်များ ကြွယ်ဝသည့်အတွက် အဓိကအားဖြင့် အစေ့စားသုံး၍ စိုက်ပျိုးနိုင်သော်လည်း ပဲလွမ်းသီးနှံအား ဟင်းသီးဟင်းရွက်အဖြစ်လည်း စားသုံးနိုင်ကြောင်း၊ ပဲလွမ်းသီးနှံတွင် သိုလှောင်ချိန်၌ ကျရောက်သော bruchid အထူးသဖြင့် Callosobruchuschinensisနှင့် Callosobruchusmaculatus ကြောင့် အရည်အသွေးနှင့် အရေအတွက်ပါ ဆုံးရှုံးနိုင်ခြင်း၊ bruchidအားကာကွယ်နှိမ်နင်းရန် သိုလှောင် ချိန်တွင် အဆိပ်ငွေ့ပေးခြင်းနည်းလမ်းအပါအဝင် အခြားသော ဓာတုဆေးများ ဖျန်းခြင်းများအား အသုံးပြု၍ ကာကွယ်နိုင်သော်လည်း စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင်အား လုံခြုံမှုမရှိစေခြင်း၊ သို့ဖြစ်ပါ၍ ခံနိုင်ရည်ရှိသော မျိုးအသုံးပြုခြင်းသည် သဘာဝပတ်ကျင်းနှင့် သဟဇာတဖြစ်စေနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ဤကဲ့သို့ bruchid ခံနိုင်ရည်ရှိသော မျိုးဗီဇပါဝင်သည့် ပဲလွမ်းမျိုးလိုင်းများရှာဖွေရာတွင် မိရိုးဖလာမျိုးမွေးမြူရွေးချယ်ခြင်းနည်းအား မော်လီကျူလာ နည်းဖြင့် ပေါင်းစပ်လေ့လာခြင်း အရေးပါမှုတို့အကြောင်းနှင့် ပညာသင်ဘွဲ့ သင်တန်းကာလ အတွင်းတွေ့ကြုံခဲ့ရ သည့် အခက်အခဲများ၊ ရရှိခဲ့သည့်နည်းပညာ၊ အတွေ့အကြုံနှင့် ဗဟုသုတများ၊ လေ့လာသင်ကြားခဲ့ရသည့် ဘာသာရပ်များအကြောင်းအား ဗဟုသုတဖြစ်ဖွယ်မျှဝေ ဆွေးနွေး ခဲ့ပါသည်။

            ဖတ်ကြားသည့် စာတမ်းအပေါ် ပြန်လည်ဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအားမေးမြန်း၍   သင်ကြားခဲ့ရသည့် ပညာရပ်များ၊ စာတွေ့လက်တွေ့ သင်ကြားခဲ့ရသည့် နည်းစနစ်များကို အခြေခံကာ မိမိဌာနအား တိုးတက်အောင် သုတေသနပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိလေ့လာခဲ့သော စာတွေ့ လက်တွေ့ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ဖေါ်ကိုင်ဘက်များအား ပြန်လည်မျှဝေ ပေးရန်လည်း လိုအပ်ကြောင်းတို့ကို ဆွေးနွေးအကြံပြုခဲ့ပါသည်။  ဆက်လက်၍လည်း ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာစုစုဝင်းမှ ဖတ်ကြားသွားသည့် စာတမ်းအပေါ် မေးမြန်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် သုတေသီပညာရှင်အသီးသီးမှလည်း သိလိုသည်များ အား မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများပြုလုပ်ခဲ့ကြပါကြောင်းသတင်းရရှိပါသည်။