Skip to main content
x

မွန်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးကြိုးပမ်း

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် စက်တင်ဘာ ၃၀ ရက်က မုဒုံမြို့နယ်ရှိ Honda (Myanmar) International Co.,Ltd ရော်ဘာပင်အို ကုန်ကြမ်းအသုံးပြု သစ်အကြမ်းထည်စက်ရုံသို့ ရောက်ရှိပြီး သစ်ပါးလွှာ၊ ဘန်းဆောခွဲသား၊ ဘလော့ဘုတ် သစ်ခွဲသားနှင့်လွှစာမှုန့်ဖြင့် ထင်းအစားထိုးလောင်စာတောင့်များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

     ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲနှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ၏ ရော်ဘာအခြေခံဘက်စုံသီးနှံ စိုက်ပျိုးမွေးမြူရေးစံပြကွက် ဆောင်ရွက်ထားရှိမှု၊ နှစ်ရှည်သီးနှံ ကြက်မောက်၊ ဒူးရင်း၊ ကော်ဖီ၊ ကိုကိုး၊ ပိန္နဲနှင့်နဂါးမောက် စိုက်ပျိုးထားရှိမှု၊ တိုင်းရင်းကြက်၊ ဆိတ်၊ စားဖား၊ ငါးပြေမ၊ ငါးခူများ မွေးမြူထားရှိမှုနှင့် ဒေသနေတောင်သူများအား ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရော်ဘာအခြေခံ ဘက်စုံသီးနှံစိုက်ပျိုးနည်းစနစ်အသုံးပြု၍ ရော်ဘာစိုက်တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရေး နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး

   ထို့နောက် ဒုတိယဝန်ကြီးသည် Sri Trang Ayeyar Rubber Industry စက်ရုံ၌ ရော်ဘာကုန်ကြမ်း သန့်စင်ခြင်း၊ အခြောက်ခံခြင်းနှင့်ထုပ်ပိုးခြင်း လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း၊ မော်လမြိုင်မြို့ရှိ သံလွင်အေးစက်မှု ကုမ္ပဏီအအေးခန်းစက်ရုံ၌ ငါးများအေးခဲခြင်း၊ ပြည်ပတင်ပို့ရန် ပြုပြင်ထုပ်ပိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Source : မြန်မာ့အလင်းသတင်းစာ