အဓိကအကြောင်းအရာသို့ သွားမည်
x

မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ တိုးမြှင့်လုပ်ကိုင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မင်းရပ်ကျေးရွာ တောင်သူဦးငွေစိုး၏ လယ်မြေတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးထားသော အောင်နိုင်တိုး နွေစပါး စံပြစိုက်ခင်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မကွေးတိုင်းဒေသကြီးသည် နိုင်ငံတော်မှ သတ်မှတ်ထားသော ပန်းတိုင်သီးနှံ ၁၃ မျိုးလုံးကို စိုက်ပျိုးထုတ်လုပ်နိုင်သော ရေ၊ မြေ၊ ရာသီဥတု အဆင်ပြေသင့်လျော်သည့် ဒေသဖြစ်သည့်အပြင် လက်ရှိနွေစပါး၊ မိုးစပါးများ စိုက်ပျိုးရာတွင်လည်း ထိုက်လျောက်သင့်လျော်စွာ အောင်မြင်ဖြစ်ထွန်းမှုရှိပါကြောင်း၊ သို့ရာတွင် စပါးစိုက်ပျိုးသူတောင်သူများအနေဖြင့် ကုန်ကျမှုစရိတ်လျှော့ချနိုင်ရေးအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထည့်သွင်းအသုံးပြုရာတွင် လိုအပ်သောအချိန်တွင် သဘာဝမြေဩဇာများဖြင့် ရောစပ်ထည့်သွင်းခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် မျိုးစပါးများကို အစဉ်အမြဲဝယ်ယူသုံးစွဲခြင်းထက် စပါးစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက်၍ မျိုးထုတ်စိုက်ခင်းများဖြင့် ကိုယ်တိုင်မျိုးစေ့ထုတ်ယူခြင်း လုပ်ငန်းများပါ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မျိုးကောင်း၊ မျိုးသန့်များနှင့် နည်းပညာ အကူအညီများလိုအပ်လာပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများကို အချိန်မရွေး အကူအညီတောင်းခံနိုင်ပါကြောင်းပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် အောင်နိုင်တိုး နွေစပါး စံပြစိုက်ခင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ယူရီးယားဓာတ်မြေဇာများကို ချိုသာသောဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရှားပင်လှကျေးရွာအုပ်စု ရွှေတင့်ထူး စိုက်ပျိုးမွေးမြူရေးဇုန်သို့ ရောက်ရှိရာ မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဇုန်အတွင်း လက်ရှိတောင်သူများက လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက မြေပြုပြင်စိုက်ပျိုးဆဲကာလတွင် ရေခံ၊ မြေခံပေါ်မူတည်၍ ပုံမှန်စိုက်စနစ်အစား အကျိုးဖြစ်ထွန်းလွယ်ကာ ပိုမိုသင့်လျော်သည့် စိုက်စနစ်အား အနည်းငယ်စီ စမ်းသပ်ပြောင်းလဲစိုက်ပျိုးရန်၊ ဇုန်အတွင်း အရိပ်ရအပင်၊ လေကာပင်များ စနစ်တကျစိုက်ပျိုးထားကြရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူများအချင်းချင်း အကျိုးတူပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်