နေပြည်တော်၊ မတ် (၁၉)

ကမ္ဘာ့ကပ်ရောဂါ  COVID-19ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ထူထောင်နိုင်ရေးကြိုးပမ်းအကောင်အထည်ဖော်ရာတွင် ရေလုပ်ငန်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေလျက်ရှိရာ ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေးသာမက ပြည်တွင်းစားသုံးမှုဖူလုံစေရေး အာဟာရပြည့်ဝရေးနှင့် စားသုံးသူ ဘေးကင်းလုံခြုံရေး လုပ်ငန်းများကို အလေးပေး၍ဒေသနေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရေး နှင့်ပြည်တွင်း ပြည်ပ စျေးကွက်နှစ်ခုလုံး အတွက် တန်ဖိုးမြင့် ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ပေး နိုင်မည့် Fish Processing စီးပွားရေးဇုန်များပေါ်ထွန်းလာရေးအတွက်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကညှိနှိုင်းကူညီ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းကုန်ကြမ်းများ တင်ပို့ရောင်းချသည့် အခြေအနေ မှ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်ရောင်းချသည့် နိုင်ငံအဖြစ် ပြောင်းလဲရပ်တည် နိုင်ရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကျော်လွှားနိုင်ရန် စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း ဇုန်ကြီးများ ကို တိုင်းဒေသကြီး ပြည်နယ်များတွင် ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန က လိုအပ်သည့် စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းကစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန်များကိုနယ်စပ်တွင် ထူထောင်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် မွန်ပြည်နယ် နှင့်ရခိုင်ပြည်နယ် တို့မှ စီမံအုပ်ချုပ်ရေး ကောင်စီမှတာဝန်ရှိသူများ ၊  ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးများ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် တို့မှ တာဝန်ရှိ သူများ က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ရေလုပ်ငန်းကဏ္ဍအနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ်(၃၂၀၀)စီး၊ ကမ်းနီးငါးဖမ်းရေယာဉ်(၁၉၁၉၂)စီး၊ ငါးသယ်ရေယာဉ်(၂၆၀)စီးတို့ဖြင့် ကမ်းရိုးတန်းဒေသများတွင် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်များ၌ ငါး/ပုစွန်မွေးမြူရေးကန် ဧက(၅)သိန်းခန့်၊ စက်ရုံ(၁၂၄)ရုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့နှစ်စဉ်တင်ပို့နိုင်မှုကြောင့် ပြည်ပဝင်ငွေရှာဖွေပေးနိုင်သည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပြီး COVID-19 အခြေအနေအရ နယ်စပ်ဖြတ်ကျော် တင်ပို့မှု အခက်အခဲများအပေါ် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒေသဆိုင်ရာ ငါးလုပ်ငန်းအသင်းများ၊ ငါးလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၌ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် COVID-19 ကဲ့သို့သော မမျှော်မှန်းနိုင်သည့် ဘေးဒုက္ခကြုံတွေ့ချိန်များတွင်ငါးလုပ်ငန်းကို အဓိက စီးပွား ရေးအဖြစ် ဆောင်ရွက်နေသော ဝယ်သူဈေးကွက်မှ ရောင်းသူဈေးကွက်သို့ ပြောင်းလဲရေး၊ ရေခဲရိုက် ငါးကုန်ကြမ်းတင်ပို့မှုမှ ပြုပြင်ထုတ်လုပ်ပြီး ကုန်ချောတင်ပို့ရောင်းချနိုင်ရေးနှင့် မိမိတို့ နိုင်ငံသားမျာ၏ ဝင်ငွေနှင့် အလုပ်အကိုင်ရရှိမှုကို အာမခံချက်ပေးနိုင်ရေးအတွက် Fish Processing ဇုန် ထူထောင်နိုင်ရေးကို  အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Videos

 

 










 
 

On Facebook

Find us on >