စီမံကိန်းနောက်ခံအကြောင်းအရာ
၁။ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့်အာဟာရပြည့်ဝစေရန်ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ကျေးလက်ဦးစီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်ပါ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပြည်သူဗဟိုပြုအသွင်ဖြင့် ဖော်ဆောင်နိုင်ရန်အတွက်လည်းကောင်း၊ယခင်ကောက်ယူခဲ့သည့် စစ်တမ်းများအရကျေးလက်အိမ်ထောင်စု (၇၅%)ခန့်သည် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးမဲ့ချေးငွေ (သို့မဟုတ်) အတိုးနည်းချေးငွေများလိုအပ်လျက်ရှိသည်ကိုတွေ့ရှိရသည့်အတွက် ကျေးလက်ဆင်းရဲသားပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကိုနိုင်ငံတော်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက်
၃။ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အဓိကရည်ရွယ်ချက်များမှာ-
(က) အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊
( ခ) တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့်စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊
(ဂ) လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှ သဘောတူသောအတိုးငွေထည့်ဝင်ခြင်းအားဖြင့် ကျေးရွာဖွံ့ဖြိုးရေး၊ ကျေးရွာ၏ လိုအပ်ချက်နှင့် အခက်အခဲများကိုအောင်မြင်စွာဖြေရှင်းလာနိုင်စေရန်၊
(ဃ) ကျေးလက်လူထု၏စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့်မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များကျရောက်ပါကတုန့်ပြန်ဆောင်ရွက်နိုင်မှုအားကောင်းသောလူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန်။
စီမံကိန်းဧရိယာ
၄။ ပြည်နယ်/တိုင်းဒေသကြီး(၁၄)ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခုတို့ရှိခရိုင်(၇၀)မှ မြို့နယ်ပေါင်း (၂၈၈)မြို့နယ်၊ ကျေးရွာ(ယူနစ်)
(၆၄၉၇)၊အကျိုးပြုကျေးရွာပေါင်း(၇၇၉၀)ရွာခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
စီမံကိန်းကာလ
၅။ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှစတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးနှစ်အလိုက်ဆောင်ရွက်မှုအခြေအနေမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(က) ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ(ယူနစ်) - ၁၄၅၀ ရွာ၊
( ခ) ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ(ယူနစ်) - ၃၀၀၀ ရွာ၊
( ဂ) ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ(ယူနစ်) - ၂၁၀၇ ရွာ။
ရန်ပုံငွေပမာဏ
၆။ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၃၀၀)နှုန်းဖြင့် ၂၀၁၄-၂၀၁၅ မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိစုစုပေါင်းကျပ်(၁၉၆.၇၁)ဘီလီယံဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
စီမံကိန်း၏ အဓိကဝိသေသများ
၇။ စီမံကိန်း၏ အဓိကဝိသေသလက္ခဏာများမှာ-
(က) လည်ပတ်ရန်ပုံငွေသည် ကျေးရွာပိုင်၊ အများပိုင်ငွေကြေးတစ်ရပ်ဖြစ်ခြင်း၊
( ခ) ရန်ပုံငွေနှင့်အတိုးရငွေများကိုကျေးရွာကော်မတီထံသို့သာပြန်လည်ပေးဆပ်ရခြင်း၊
( ဂ) ရန်ပုံငွေကိုကျေးရွာလူထုမှကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်း၊ အတိုးနှုန်းသတ်မှတ်နိုင်ခြင်း၊
(ဃ) ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အများသဘောတူညီချက်ဖြင့် သုံးစွဲနိုင်ခြင်း၊
( င) လုပ်ငန်းအပေါ်မူတည်၍ အတိုးပေးသွင်းမည့် ကာလကိုသတ်မှတ်နိုင်ခြင်း၊
( စ) ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုကိုလျော့ချလာနိုင်ခြင်း၊
(ဆ) ကျေးရွာအဆင့်တွင် ဒီမိုကရေစီနည်းလမ်းကျကျ ဆောင်ရွက်နိုင်ခြင်း၊
( ဇ) တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်ရခြင်း၊
(ဈ) ကျား/မ တန်းတူညီမျှပါဝင်သောအလေ့အကျင့် ပျိုးထောင်ပေးခြင်း၊
(ည) ကျေးရွာလူထုနှင့် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်တတ်သောအလေ့အကျင့်ဖော်ဆောင်ပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။
စီမံကိန်း၏ အကျိုးကျေးဇူးများ
၈။ စီမံကိန်း၏ အကျိုးကျေးဇူးများမှာ-
(က) ကျေးလက်နေမိသားစုများဝင်ငွေတိုးပွားလာခြင်း၊
( ခ) ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊
( ဂ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများတိုးတက်လာခြင်း၊
(ဃ) အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အခွင့်အလမ်းပေါ်ပေါက်လာခြင်း၊
( င) စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာခြင်း၊
( စ) ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများဖွံ့ဖြိုးလာခြင်း၊
(ဆ) အသိဉာဏ်နှင့် ဗဟုသုတများတိုးပွားလာခြင်း၊
( ဇ) အမျိုးသမီးများ၏ ပူးပေါင်းဆောင်ရွက်မှုမြင့်မားလာခြင်း၊
( စျ) နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဖော်ဆောင်နိုင်ခြင်းနှင့် အောက်ခြေအဆင့်မှတင်ပြချက်များကိုအကောင် အထည်ဖော်နိုင်ခြင်း။
ဆောင်ရွက်မည့်လုပ်ငန်းများ
၉။ စီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ပါသည်။
စီမံကိန်းကျေးရွာရွေးချယ်ခြင်း
၁၀။ စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်နေပြည်တော်ကောင်စီ၊လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးအောက်ဖော်ပြပါ ဦးစားပေးရမည့်အချက်များအပေါ် မူတည်၍ စိစစ်ရွေးချယ်သွားရမည်ဖြစ်ပါသည်-
(က) ဆင်းရဲသောကျေးရွာ၊
( ခ) စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသောကျေးရွာ၊
( ဂ) တရားဥပဒေစိုးမိုးခြင်း(အရက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါးကင်းစင်ခြင်း)၊
(ဃ) ကျေးရွာသူ/ကျေးရွာသားများ၏စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ (ကျေးရွာများ၏စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတင်ပြတောင်းဆိုမှု)၊
( င) လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊
( စ) အိမ်ခြေအနည်းဆုံး(၈၀)နှင့် အထက်ရှိသောကျေးရွာ။ (အကယ်၍အိမ်ခြေ(၈၀) အောက် လျော့နည်းပါကအုပ်ချုပ်မှုလွယ်ကူသည့် နီးစပ်ရာကျေးရွာများနှင့် ပေါင်းစပ်ဖွဲ့စည်းရမည်။)
ကော်မတီများဖွဲ့စည်းခြင်း
၁၁။ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင်၊ မြို့နယ်အဆင့် နှင့်ကျေးရွာအဆင့်တို့တွင် စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီအသီးသီးအားအောက်ပါ အတိုင်းဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်-
(က) ပြည်ထောင်စုအဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊
( ခ) ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပြည်နယ်/တိုင်းဒေသကြီးမြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊
( ဂ) ခရိုင်မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊
(ဃ) မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊
( င) ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီနှင့်ကျေးရွာမြစိမ်းရောင်ဘဏ္ဍာရေးဆပ်ကော်မတီ။
မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီဖွဲ့စည်းခြင်း
၁၂။ ကျေးရွာ၏ အိမ်ခြေအနည်းအများနှင့် လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီအားကျေးရွာလူထုမှအများသဘောတူမဲစနစ်ဖြင့် ရွေးချယ်ထားသောအမျိုးသမီးဦးရေထက်ဝက်ပါသည့် ကျေးရွာကိုယ်စားလှယ် (၇/၉/၁၁)ဦးစသည်ဖြင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့ကိုဖွဲ့စည်း၍ ယင်းကော်မတီတို့မှ ရန်ပုံငွေကိုစီမံခန့်ခွဲပါသည်။
မြို့နယ်အဆင့်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
၁၃။ မြို့နယ်အဆင့် စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
လုပ်ငန်းစဉ် (၁) =>မြို့နယ်ကော်မတီဖွဲ့စည်းခြင်း၊
လုပ်ငန်းစဉ် (၂) =>မြို့နယ်စုံညီအစည်းအဝေးဖြင့် ကျေးရွာရွေးချယ်တင်ပြခြင်း၊
လုပ်ငန်းစဉ် (၃) =>ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊
လုပ်ငန်းစဉ် (၄) =>သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊
လုပ်ငန်းစဉ် (၅) =>မြန်မာ့စီးပွားရေးဘဏ်တွင် စီမံကိန်းငွေစာရင်းရှင်ဖွင့်လှစ်ခြင်း၊
လုပ်ငန်းစဉ် (၆) =>ကျေးရွာငွေစာရင်းသို့ ရန်ပုံငွေများလွှဲပြောင်းပေးခြင်း၊
လုပ်ငန်းစဉ် (၇) =>ချေးငွေအဆိုပြုလွှာများကွင်းဆင်းစစ်ဆေးအတည်ပြုခြင်း၊ အကြံပြုခြင်း၊ ကြီးကြပ်ခြင်း၊ နည်းပညာပံ့ပိုးခြင်း၊
လုပ်ငန်းစဉ် (၈) =>စာရင်းပြုစုခြင်း၊ ခရိုင်/ပြည်နယ်/တိုင်းဒေသကြီးသို့တင်ပြခြင်း၊
လုပ်ငန်းစဉ် (၉) =>စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများစစ်ဆေးခြင်း၊
လုပ်ငန်းစဉ် (၁၀) =>ကျေးရွာအဆင့် စီမံကိန်းဆောင်ရွက်မှုဆန်းစစ်သုံးသပ်ပွဲကျင်းပခြင်း။
ကျေးရွာအဆင့်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
၁၄။ ကျေးရွာအဆင့် စီမံကိန်းနှင့်ပတ်သက်၍ အိမ်ထောင်စုတစ်ခု၏ ရွေးချယ်ခံကော်မတီဦးရေမှာ (၁)ဦးဖြစ်ပြီးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
လုပ်ငန်းစဉ် (၁) =>ရွာလုံးကျွတ်အစည်းအဝေးကျင်းပ၍ ကော်မတီများဖွဲ့စည်းခြင်း၊
လုပ်ငန်းစဉ် (၂) =>စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများတက်ရောက်ခြင်း၊
လုပ်ငန်းစဉ် (၃) =>မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ခြင်း၊
လုပ်ငန်းစဉ် (၄) =>အတိုးနှုန်း၊ ချေးငွေပမာဏ၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊
လုပ်ငန်းစဉ် (၅) =>ကျေးရွာသူ၊ကျေးရွာသားများသို့ အသိပေးကြေငြာခြင်း၊
လုပ်ငန်းစဉ် (၆) =>ချေးငွေအဆိုပြုလွှာများတောင်းခံခြင်းနှင့် စိစစ်အတည်ပြုခြင်း၊
လုပ်ငန်းစဉ် (၇) =>စိစစ်ပြီးချေးငွေအဆိုပြုလွှာများအားမြို့နယ်ကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူခြင်း၊
လုပ်ငန်းစဉ် (၈) =>ချေးငွေထုတ်ချေးပေးခြင်း၊
လုပ်ငန်းစဉ် (၉) =>ချေးငွေနှင့် အတိုးကောက်ခံခြင်း၊ ချေးငွေစီမံခန့်ခွဲခြင်း၊
လုပ်ငန်းစဉ် (၁၀) =>လုပ်ငန်းများစစ်ဆေးခြင်း၊စာရင်းပြုစုခြင်း၊ အစီရင်ခံခြင်း၊
လုပ်ငန်းစဉ် (၁၁) =>ရွာလုံးကျွတ်အစည်းအဝေးကျင်းပ၍ စီမံကိန်းသုံးသပ်ခြင်း။
ကဏ္ဍအလိုက် စီမံကိန်းအကျိုးခံစားရရှိမှုများ
၁၅။ မြစိမ်းရောင်ကျေးရွာစီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ဇူလိုင်လအထိအတိုးရငွေစုစုပေါင်းငွေကျပ်(၁၉၂၈၁.၂၅၄)သန်းဖြစ်ပြီးချေးငွေလည်ပတ်မှုအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် |
အမျိုးအစား |
အိမ်ထောင်စု |
ကျပ်သန်း |
ရာခိုင်နှုန်း |
၁ |
စိုက်ပျိုးရေး |
၂၆၉၆၀၉ |
၇၃၉၄၂.၂၄ |
၅၁.၄၃ |
၂ |
မွေးမြူရေး |
၂၁၂၅၃၉ |
၄၆၀၄၆.၆၄ |
၃၂.၀၃ |
၃ |
ရေလုပ်ငန်း |
၁၉၃၂၃ |
၃၇၁၁.၈၀ |
၂.၅၈ |
၄ |
မီးလင်းရေး |
၁၈၇၄ |
၄၇၃.၅၅ |
၀.၃၃ |
၅ |
ကုန်ထုတ်လုပ်ငန်း |
၇၄၀၀ |
၂၁၂၉.၆၃ |
၁.၄၈ |
၆ |
အရောင်းအဝယ် |
၄၆၂၆၆ |
၁၃၁၁၃.၉၇ |
၉.၁၂ |
၇ |
အသက်မွေးဝမ်းကျောင်းလုပ်ငန်း |
၂၀၄၅၄ |
၄၃၅၅.၉၇ |
၃.၀၃ |
စုစုပေါင်း |
၅၇၇၄၆၅ |
၁၄၃၇၇၃.၈၀ |
၁၀၀.၀% |
စီမံကိန်းဆောင်ရွက်မှုအပေါ် ဆန်းစစ်ခြင်း
၁၆။ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ (၉၀၈)ရွာနှင့် စီမံကိန်းဝင်မဟုတ်သောကျေးရွာ (၉၅)ရွာ၊ကျေးရွာစုစုပေါင်း(၁၀၀၃)ရွာရှိအိမ်ထောင်စု (၁၀၀၃၀)တို့တွင် ကျေးလက်ဦးစီးဌာနနှင့် SPPRG ၊ ECO.Devအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တမ်းကောက်ယူခဲ့ပြီးအောက်ပါ တို့ကိုသုံးသပ်ဖော်ထုတ်နိုင်ခဲ့ပါသည်-
(က) ကောက်ယူခဲ့သောစစ်တမ်းကိုအခြေခံအချက်အလက်များအဖြစ် အသုံးပြု၍ ၂၀၁၈ ခုနှစ်တွင် စစ်တမ်းထပ်မံကောက်ယူ၍ တိုးတက်မှုကိုနှိုင်းယှဉ်နိုင်ခြင်း ၊
( ခ) ကျေးလက်ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် မတည်ရင်းနှီးငွေလိုအပ်ချက်ကိုစီမံကိန်းမှ အဓိကပံ့ပိုးပေးနိုင်ခြင်း၊
( ဂ) စီမံကိန်းကျေးရွာများတွင် အိမ်ထောင်စု(၉၀%)သည် ၎င်းတို့တင်ပြသည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကိုသာသုံးစွဲသည်ကိုတွေ့ရှိရသဖြင့်စီမံကိန်းရည်မှန်းချက်များ ကိုထိရောက်စွာစနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်းတွေ့ရှိရခြင်း၊
(ဃ) စီမံကိန်းမှသက်သာသောအတိုးနှုန်းဖြင့် မတည်ရင်းနှီးငွေများရယူနိုင်သည့်အတွက် ကျေးရွာများတွင် .အတိုးနှုန်းကြီးမြင့်စွာချေးငွေရယူမှုများသိသာစွာလျော့နည်းသွားပြီးကျေးလက်ပြည်သူများအတွက် အကြွေးဝန်ထုပ်ဝန်ပိုးလျော့နည်းလာခြင်း၊
( င) အိမ်ထောင်စုတစ်စုချင်း၏ ပျမ်းမျှဝင်ငွေသည် စီမံကိန်းကာလအပေါ်မူတည်၍ လစဉ် တိုးတက်လာပြီးစီမံကိန်းကာလကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့၏ဝင်ငွေမှာတိုးပွားလာကြောင်းစာရင်းအင်းနည်းအရသုံးသပ်တွေ့ရှိရခြင်း၊
( စ) စီမံကိန်းမှ မတည် ရင်းနှီးငွေများရရှိလာသဖြင့် ကျေးလက်အိမ်ထောင်စုများအတွက် ဝင်ငွေရရှိသောနည်းလမ်းများပိုမိုများပြားလာကြောင်းတွေ့ရှိရခြင်း၊
(ဆ) စီမံကိန်းကျေးရွာများတွင် အမျိုးသားများ (၃၂.၈%)အတွက် အလုပ်အကိုင်အခွင့် အလမ်းသစ်များပိုမိုရရှိလာခြင်း၊
( ဇ) စီမံကိန်းကျေးရွာများတွင် ထိခိုက်လွယ်သောအိမ်ထောင်စုများနည်းပါးလာခြင်း၊ (စီမံကိန်းစတင်စဉ်တွင် ထိခိုက်လွယ်အိမ်ထောင်စုမှာ (၃၆.၉%) ရှိသော်လည်းစီမံကိန်း (၆)လ ကြာမြင့်ချိန်တွင် (၂၆.၉%) သို့လျော့ကျသွားခြင်း၊
(ဈ) ကျေးရွာသူ/သား(၅၇%) သည် ကျေးရွာဖွံ့ဖြိုးရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီးအမျိုးသမီးများ၏ပူးပေါင်းဆောင်ရွက်မှုမှာ(၂၃.၂%)အထိတိုးတက်လာသည်ကိုတွေ့ရှိရသဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်ကောင်းများချထားပေးနိုင်ခြင်း။