နန်းပပဝင်း

(စိုက်ပျိုးရေးသုတေသနဉီးစီးဌာန)

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧရိယာသည် စုစုပေါင်းသီးနှံစိုက်ဧရိယာ၏ ၁၆.၉ ရာခိုင်နှုန်း ရှိပါသည်။ မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆-၇၇ခုနှစ်ခန့်စ၍ စိုက်ပျိုး ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေးကို အရှိန်အဟုန်နှင့် မြှင့်တင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ လမ်းညွှန်ချက်များ ချမှတ်ပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီကို ဖွဲ့စည်းကာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန် (၉) ရပ်ကို ချမှတ်ခဲ့ပါသည်။ ၎င်းလုပ်ငန်း တာဝန်များအနက် နေကြာကို လာမည့်နှစ်တွင် ဧက ၁.၅ သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား၍ စည်းရုံး ဆောင်ရွက်ရန်နှင့် စိုက်ဧက ၄.၀ သန်းထိ ရောက်ရှိရေး စီမံဆောင်ရွက်ရမည်ဖြစ်ပါသည်။ နေကြာသီးနှံသည်   မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံ များတွင် တစ်မျိုး အပါအဝင် ဖြစ်သော ကြောင့် နေကြာဆီထုတ်လုပ်နိုင်‌ရေး  အလေးထား ဆောင်ရွက်ရန် လိုအပ်လာပါသည်။

 မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီတု အခြေအနေအရ နေရာဒေသ အများစုတွင် နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်းတွေ့ရှိရပါသည်။ နေကြာသီးနှံသည် အခြား ဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ကြည့်ပါက စိုက်ပျိုးရလွယ်ကူပြီး စိုက်ပျိုးသည့် ကုန်ကျစရိတ် သက်သာသည့်အပြင် တစ်ယူနစ်ဧရိယာမှထွက်ရှိသည့်  ဆီထွက်နှုန်းပိုမိုရရှိမှု သေချာသည့် သီးနှံဖြစ်ပါသည်။ စိုက်ပျိုးသူ တောင်သူများ အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံဖြစ်သလို ပြည်တွင်း စားသုံးဆီဖူလုံရေး၊ စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးတက်ရရှိရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးတို့ကို ရှေ့ရှု၍ နေကြာသီးနှံကို လက်ရှိစိုက်ပျိုးနေသည့် ဧရိယာထက် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါသည်။

နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ဧရိယာတိုးချဲ့ရန်နှင့် တစ်ယူနစ် ဧရိယာမှ အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ နေကြာသီးနှံ တစ်ယူနစ် ဧရိယာမှ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရာ၌ နေကြာစိုက်ပျိုးသူ တောင်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများကို လိုက်နာ ဆောင်ရွက် ရန် လိုအပ်ပါသည်။

နေကြာသီးနှံတွင် စိုက်ပျိုးရန်သင့်လျှော်သည့် သီးနှံပုံစံများ

နေကြာသီးနှံကို သီးသန့်၊ သီးထပ်နှင့် သီးညှပ် အဖြစ် စိုက်ပျိုးလေ့ရှိကြပါသည်။

(က) သီးသန့် စိုက်ပျိုးခြင်း

- နေကြာသီးနှံကို တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးနိုင်သော ဒေသများ တွင်   သီးသန့်

   စိုက်ပျိုးလေ့ရှိကြပါသည်။

(ခ) သီးထပ်စိုက်ပျိုးခြင်း

၁။ စပါးပြီးသီးထပ် စိုက်ပျိုးခြင်း- သက်လျင်၊ သက်လတ်စပါးမျိုးများ ရိတ်သိမ်းအပြီး မြေ အစိုဓါတ် မခြောက်မီ ထယ်ထိုးထွန်ယက်၍ စိုက်ပျိုးခြင်း  နှင့်  စပါးရိတ်သိမ်းပြီး တပြိုင်နက် ကျင်းတူးစိုက်ပျိုးလေ့ရှိကြပါသည်။ (ထယ်ရေးထွန်ရေး ပြုလုပ်ရန် မလိုဘဲ စိုက်ပျိုးခြင်းဖြစ်ပါသည်။

၂။ ယာသီးနှံ (မိုးမြေပဲ၊ နှမ်းလျင်၊ သက်လျင် ပဲတီစိမ်း၊ ပြောင်းဖူး)တို့ ရိတ်သိမ်းပြီး နောက် သီးထပ်      စိုက်ပျိုးကြခြင်းဖြစ်ပါသည်။

(ဂ) သီးညှပ်စိုက်ပျိုးခြင်း

သီးညှပ် စိုက်ပျိုးမည် ဆိုပါက နေကြာကို ဂျုံ၊ ပဲတီစိမ်း၊ ကြံ၊ ပဲစင်းငုံ တို့ တန်းကြားတွင် ညှပ်၍ စိုက်ပျိုး လေ့ရှိ ပါသည်။

- မိုးဉီးသီးနှံများ (ချည်မျှင်ရှည်ဝါ၊ သက်လျင် ပဲတီစိမ်း၊ မိုးဉီးနှမ်းလျင်) တို့ စိုက်ပျိုးပြီးနောက် ဂျုံ ၊ နှင့် သီးညှပ် စိုက်ပျိုးနိုင်ပါသည်။ ဂျုံ ၄ တန်း နေကြာ ၁ တန်း တွင် စိုက်ပျိုးရပါမည်။

- ပဲတီစိမ်းနှင့် သီးညှပ်စိုက်ပျိုးမည်ဆိုပါက ပဲတီစိမ်း ၄တန်း နေကြာ ၁တန်းတွင် စိုက်ပျိုးရပါမည်။

- ကြံနှင့် သီးညှပ်စိုက်ပျိုးမည် ဆိုပါက ကြံပင် ၂ တန်း ကြားတွင် နေကြာ ၁ တန်း စိုက်ပျိုးရပါမည်။

- ပဲစင်းငုံနှင့် သီးညှပ်စိုက်ပျိုးမည်ဆိုပါက ပဲစင်းငုံ ၂တန်းကြားတွင် နေကြာ ၁ တန်း  စိုက်ပျိုးရပါမည်။

 (သီးညှပ်စိုက်ပျိုးရာတွင် နေကြာကို တစ်ပင်နှင့် တစ်ပင် ၁ ပေ အကွာ စိုက်ပျိုးရပါမည်။)

 

သီးထပ်စိုက်ပျိုးခြင်းသာမက ကုလားပဲကဲ့သို့ သီးနှံများနှင့်လည်း နေကြာကို ရော၍ သီးရောအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။

 

နေကြာသီးနှံ အထွက်တိုးစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ

          နေကြာသီးနှံအထွက်တိုးစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

၁။ အပင်ပေါက်ရာခိုင်နှုန်း ၈၀နှင့် အထက်ရှိသော မျိုးကောင်းမျိုးသန့်၊ စပ်မျိုး(F1) ကို အသုံးပြုရန် ၊

၂။ မျိုးစေ့ဆောင်နှင့် မြေဆောင်ရောဂါများ၊ မြေတွင်းအောင်းပိုးများ ကျရောက်မှုမှ ကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေး (ဉပမာ- တော့ပ်ဆင်၊ ဟိုမှိုင်း) သို့မဟုတ် ပိုးသတ်ဆေး (ဉပမာ- အေမီဒါ ကလိုပစ် ၇၀% ၊ ဂေါ်ချို )  တစ်မျိုးမျိုးနှင့် လူးနယ် စိုက်ပျိုးရန်၊

၃။ မိုးရာသီတွင် မေလမှ ဇွန်လအတွင်းနှင့် မိုးနှောင်းရာသီတွင် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း စိုက်ပျိုးရန်၊

၄။  မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက် ရရှိအောင် ဆောင်ရွက်ရန်၊

၅။ တစ်ဧကတွင် အပင်ဉီးရေ (၂၉၀၀၀) ရရှိအောင် တန်းကြား ၊ ပင်ကြား  (၂ ပေ  x ၉ လက်မ) ထား၍  စိုက်ပျိုးရန်၊

၆။ မျိုးစေ့ကို(၁.၅လက်မ- ၂လက်မ)အနက်တွင် တစ်ကျင်းလျှင် ၂စေ့နှုန်း စိုက်ပျိုးရန်၊

၇။ မြေပြင်ချိန်တွင် တစ်ဧကလှျင် သဘာဝမြေဩဇာ ၅တန် (နွားလှည်း ၁၀စီးခန့်)၊  ယူရီးယား ၁၁၂ ပေါင်၊ တီစူပါ ၅၆ပေါင် နှင့် ပိုတက်ရှ် ၅၆ ပေါင် ထည့်သွင်းပေးရန်

၈။ အပင်ပေါက်စုံပြီး (၁၄) ရက်သားတွင် တစ်ကျင်း တစ်ပင်ချန်၍သားခွဲရန်၊

၉။ အပင်ငယ်စဉ်တွင်  ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ရန်

၁၀။ အဖူးဝင်ချိန် (၂၅-၃၀) ရက်သားခန့်တွင် တစ်ဧကလျှင် ယူရီးယား ၅၆ ပေါင် ထပ်မံထည့်သွင်း၍ ဘောင်တင်ပေးရန်၊

၁၁။  အဖူးဝင်ချိန် (၃၀-၃၅ ရက်သားခန့်)နှင့် ပန်းပွင့်ချိန် (၅၅-၆၀ ရက်သားခန့်)တွင် လိုအပ်ပါက ရေသွင်း ပေးရန်၊

၁၂။ မွေးမြူရေးပျားပုံးများ တစ်ဧကလျှင် ၁ပုံး-၂ပုံးထားရှိရန်၊

၁၃။ ဖြုတ်ပိုး၊ ပျပိုး၊ ယင်ဖြူ၊ ပိုးနဂါး၊ ခူမွှေးရှည်၊ နေကြာပွင့်စားပိုး စသည့်ပိုးများ ကျရောက်ပါက အလန်း၊ ဆိုက်ပါမီသရင်(သန်းဒါး)၊ ဒိုင်မီသိုအိတ် စသည့် ပိုးသတ်ဆေးများနှင့်  ကြွက်ဖျက်ဆီးပါက ဟက်ပီး ကြွက်သတ်‌ဆေးနှင့် ငှက် (ကြက်တူရွေး)ကျရောက်ပါက လူဖြင့်ခြောက်လှန့် ကာကွယ်ရန်၊

၁၄။ ပင်ခြေပုပ်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးတက်ရောဂါ၊ ကြပ်ခိုးပုပ်ရောဂါ၊ ပင်စည် ပုပ်ရောဂါ စသည်တို့ကျရောက်ပါက ဖိုင်းယား၊ အေမီစတား၊ အေဇိုဗင်၊ အေပီဂျီပလပ်စ် စသော မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ရန်၊

၁၅။ နေကြာပွင့်နောက် ကျောဖက်အဝါရောင်သန်းချိန် (အပင်သက်တမ်း ၈၀-၈၅ရက်ခန့်) တွင် အချိန်မီရိတ်သိမ်းရန်၊

၁၆။ ရိတ်သိမ်းပြီး အပွင့်များအား ၂ ရက်-၃ ရက်လှန်း၍ ခြွေလှေ့သန့်စင်ပါ။ ရရှိလာသော အစေ့များအား ၂ ရက်-၃ ရက် နေလှန်းအခြောက်ခံပြာတီး၍ အစိုဓါတ် ၇-၉ ရာခိုင်နှုန်းတွင် သိုလှောင်သွားရန်၊

          အထက်ဖော်ပြပါ အချက်များကို လိုက်နာကျင့်သုံးမည်ဆိုပါက နေကြာသီးနှံ တစ်ဧက မျှော်မှန်း အထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်ပါသည်။

 

နေကြာသီးနှံ အထွက်နှုန်း လျော့နည်းရသည့်  အကြောင်းရင်းများ

နေကြာသီးနှံတွင် သဘာဝဝတ်မှုန်ကူးမျိုး (ဆင်းရွှေကြာ-၂) နှင့် စပ်မျိုးနေကြာမျိုးများ (‌ရေဆင်းစပ်မျိုး-၁၊ ‌ရေဆင်းစပ်မျိုး-၂) တို့ကို တောင်သူအများစု ‌စိုက်ပျိုးကြပါသည်။ သဘာဝဝတ်မှုန်ကူးမျိုး (ဆင်းရွှေကြာ-၂) သည် တစ်ဧကအထွက်နှုန်း ၂၅-၃၀တင်း နှင့်  စပ်မျိုးနေကြာမှာ ၅၀-၅၅ တင်း ထွက်ရှိနိုင်ပါသည်။ သို့သော်လက်ရှိတွင် အချို့သောတောင်သူများ မှာ မျှော်မှန်းအထွက်နှုန်း ရရှိသော်လည်း အချို့မှာ မရရှိကြောင်းတွေ့ရပါသည်။

မျှော်မှန်းအထွက်နှုန်းမရရှိရသည့် အကြောင်းအရင်းများကို လေ့လာ ရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲမှုတွင် စပ်မျိုးများ စိုက်ပျိုးရာ၌  F1 မျိုးစေ့ကို သုံးစွဲမှု အားနည်းခြင်း၊ စိုက်ချိန်မှန်ကန်မှု မရှိခြင်း၊ စိုက်ပျိုးမြေကို မြေဆီဩဇာထက်သန်မှု ရှိအောင် ဆောင်ရွက်မှု အားနည်းခြင်း၊ အစိုဓါတ်မလုံလောက်သောကြောင့် အပင်ပေါက်မစုံ၍ အပင်ဉီးရေ‌လျော့နည်းခြင်း၊ အဓိကရေလိုအပ်ချိန်ဖြစ်သော အဖူးဝင်ချိန်နှင့် ပန်းပွင့်ချိန်တွင် ဖြည့်စွက်ရေ မပေးသွင်းနိုင်ခြင်း၊  ဖြည့်စွက်ဝတ်မှုန်ကူးရန် ပျားပုံးများ ထားရှိရန်လိုအပ်ခြင်း၊ ကြွက်၊ ငှက် ဖျက်ဆီးမှုအန္တရာယ်ကို မကာကွယ်နိုင်ခြင်း၊ ပိုးမွှား၊ ရောဂါ စနစ်တကျ ကာကွယ်မှု အားနည်းခြင်း စသည်တို့ ကိုတွေ့ရှိရပါသည်။

နေကြာသီးနှံအထွက်နှုန်းတိုးတက်လာ‌စေရန်အတွက် ပြုပြင်လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ

၁။ မျိုးကောင်းမျိုးသန့် စပ်မျိုး F1 ကို ရယူသုံးစွဲ စိုက်ပျိုးခြင်း

နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စပ်မျိုး F1 ကို ရယူသုံးစွဲ ခြင်းမရှိသည့် အတွက် အထွက်နှုန်းလျော့နည်းရပါသည်။ သို့ဖြစ်ပါ၍ တောင်သူအချင်းချင်းမှ ရရှိသောမျိုးများ၊ ပွဲရုံမှရရှိသောမျိုးများကို အသုံးမပြုရန်နှင့်  စိုက်ပျိုးရေးသုတေသန ဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်တောင်သူအသင်းအဖွဲ့များမှ ရောင်းချသော စပ်မျိုး များကို သာ ရယူစိုက်ပျိုးရန်ဖြစ်ပါသည်။

၂။ စိုက်ချိန်မှန်ကန်အောင် စိုက်ပျိုးခြင်း

နေကြာသီးနှံ ဖြစ်ထွန်းမှု အကောင်းဆုံးရရှိစေရန်  မိုးရာသီတွင် မေလမှ ဇွန်လ နှင့် မိုးနှောင်းရာသီတွင် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း စိုက်ပျိုးရမည် ဖြစ်ပါသည်။ သို့သော် မိုးနှောင်းရာသီတွင် တောင်သူအများစုမှာ မိုးစပါး/ မိုးသီးနှံ ရိတ်သိမ်းချိန်ပေါ်မူတည်၍ စိုက်ချိန် နောက်ကျသည့်အတွက် ဒီဇင်ဘာလ နောက်ပိုင်းမှ စိုက်ပျိုးနိုင်သဖြင့် ပန်းပွင့်ချိန် သို့မဟုတ် အစေ့အဆံတည်ချိန် (ဖေဖော်ဝါရီလ - မတ်လ)တွင် မြင့်မားသည့် အပူချိန်နှင့် ကြုံတွေ့ရသည့် အတွက် အထွက်နှုန်းလျော့နည်းရခြင်း ဖြစ်ပါသည်။ ပန်းပွင့်ချိန်နှင့် အစေ့အဆံတည်ချိန်တွင် မြင့်မားသည့် အပူချိန်ကို ရှောင်ရှားနိုင်ရန် မိုးစပါး/ မိုးသီးနှံ ကို သက်တမ်း တိုသည့် မျိုးများ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။

၃။ စိုက်ပျိုးမည့်မြေကို မြေဆီဩဇာထက်သန် အောင်ပြုပြင်ခြင်း

နေကြာသီးနှံ စိုက်ပျိုးရာတွင် စိုက်ပျိုးမြေ အမျိုးအစားသည် အထွက်နှုန်းအပေါ် လွှမ်းမိုးမှု ရှိသောကြောင့် သဲနုန်းမြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးရပါမည်။ သို့သော် တောင်သူအများစုမှာ မိမိလက်ရှိပိုင်ဆိုင်သည့် မြေကို မြေဆီဩဇာထက်သန်အောင် ဆောင်ရွက်လေ့ မရှိကြပါ။ သို့ဖြစ်ပါ၍ စိုက်ပျိုးသည့်မြေကို သဘာဝမြေဩဇာများ ပိုမိုထည့်သွင်း ပေးခြင်းနှင့် သစ်စိမ်းမြေဩဇာများ စိုက်ပျိုးထည့်သွင်းပေးခြင်းတို့ ဆောင်ရွက်ပါက မြေဆီဩဇာ ထက်သန်လာပြီး အထွက်နှုန်းတိုးတက်လာမည်ဖြစ်ပါသည်။

၄။ တစ်ဧကသတ်မှတ် အပင်ဉီးရေ ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်ခြင်း

တစ်ဧကတွင် အပင်ဉီးရေ (၂၉၀၀၀) ရရှိအောင် တန်းကြား ၊ ပင်ကြား  (၂ ပေ  x ၉ လက်မ) ထား၍ စိုက်ပျိုးရမည်ဖြစ်သော်လည်း တောင်သူအများစုမှာ သတ်မှတ်အပင်ဉီးရေ ဝင်အောင် စိုက်ပျိုးနိုင်ခြင်းမရှိကြပါ။ ရိတ်သိမ်းချိန်တွင် အပင်ဉီးရေ ၁၈၀၀၀- ၂၀၀၀၀ ခန့်သာ ရှိသည့် အတွက် အထွက်နှုန်းလျော့နည်းရခြင်းဖြစ်ပါသည်။ အပင်ဉီးရေ (၅၀၀ ပင် - ၆၀၀ ပင်)  လျော့နည်းပါက အထွက် ၁ တင်းလျော့နည်းနိုင်သဖြင့် ရိတ်သိမ်းချိန်တွင် သတ်မှတ် အပင်ဉီးရေ ပြည့်မီပါက အထွက် နှုန်းပိုမိုရရှိလာမည်ဖြစ်ပါသည်။

၅။ သွင်းအားစုများ သတ်မှတ်နှုန်းထားအတိုင်း ပြည့်မီအောင်ထည့်သွင်းပေးခြင်း

 ထောက်ခံဓါတ်မြေဩဇာနှုန်းထား ယူရီးယား (၁.၅)အိတ်၊ တီစူပါ (၀.၅)အိတ်၊  ပိုတက်ရှ် (၀.၅၀)အိတ်နှင့် ကွန်ပေါင်း (၂)အိတ်တို့အား ဓါတ်မြေဩဇာထည့်သွင်း ရမည့်အချိန်များ၌ ပြည့်စုံစွာ ထည့်သွင်းနိုင်မှု မ ရှိပါ။ တောင်သူအများစုမှာ တစ်ဧကလျှင် ယူရီးယား (၀.၇၅)အိတ်နှင့် ကွန်ပေါင်း (၀.၂၅) အိတ်နှုန်းသာ ထည့်သွင်းနိုင်သဖြင့် အထွက်နှုန်းလျော့နည်းရခြင်းဖြစ်ပါသည်။  သက်ဆိုင်ရာ စိုက်ပျိုးရေးဘဏ်များမှ ချေးငွေရယူခြင်း၊ ကန်ထရိုက် လယ်ယာစနစ်နှင့် ပေါင်းစပ် ဆောင်ရွက်ပေးခြင်းတို့ဖြင့် သွင်းအားစုများ အပြည့်အဝ ထည့်သွင်းပေးနိုင်မည်ဖြစ်ပါသည်။

 

၆။ အချိန်မီသားခွဲခြင်း

 နေကြာစိုက်ပြီး ၁၄ရက်သား၌ တစ်ကျင်းတစ်ပင်ချန်သားခွဲရမည်ဖြစ်ပါသည်။ သို့သော် တောင်သူအများစုသည် အချိန်မီသားခွဲရန် အားနည်းကြောင်းတွေ့ရှိရပါသည်။ အချိန်မီ သားခွဲ နိုင်ပါက အပင်များပုံမှန်ကြီးထွားပြီး အပွင့်အရွယ်အစားကြီးမားကာ အထွက်နှုန်း တိုးတက်လာမည် ဖြစ်ပါသည်။

 

၇။ ဖြည့်စွက်ရေ ပေးသွင်းခြင်း

နေကြာသီးနှံစိုက်ပျိုးသည့် သက်တမ်းတစ်လျှောက် အစိုဓါတ်လုံလောက်မှု ရှိရမည် ဖြစ်ပါသည်။ အဖူးဝင်ချိန် (၃၀-၃၅ ရက်သားခန့်)နှင့် ပန်းပွင့်ချိန် (၅၅-၆၀ ရက်သားခန့်) တွင် ရေသွင်း ပေးရမည် ဖြစ်သော်လည်း တောင်သူအများစုမှာ မိုးရေကို အားကိုး စိုက်ပျိုးရခြင်းနှင့် မိုးနှောင်းရာသီတွင် အစိုဓါတ်ဆုတ်သည့် အချိန်တွင် စိုက်ပျိုးကြသောကြောင့် အပင်အရပ်ပုခြင်း၊ အပွင့်သေးခြင်း၊ အောင်စေ့နည်းခြင်း တို့ကြောင့် အထွက်နှုန်းလျော့နည်းရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရေလိုအပ်သည့် အချိန်တွင် သွင်းပေးနိုင်ရန် ရေရရှိရေးကို ကြိုတင်စီစဉ် ဆောင်ရွက် ထားရပါမည်။

 

၈။ မွေးမြူရေးပျားပုံးများထားပေးခြင်း

          နေကြာသီးနှံတွင် ဝတ်မှုန်ကူးမှုကောင်းမွန်ပြီး မျိုးအောင်၍အစေ့အဆံတည်မှု ကောင်း မွန်စေရန် မွေးမြူရေးပျားပုံးများ ထားရှိရပါမည်။ သို့သော် တောင်သူအများစုမှာ နေကြာ သီး နှံတွင် ပျားဖြင့် ဝတ်မှုန်ကူးခြင်းကို သိရှိမှုအားနည်းကြပါသည်။ ဝတ်မှုန်ကူးမှု အောင်မြင်ပြီး အောင် စေ့များ‌စေရန် ပျားမွေးမြူသူများနှင့် ချိတ်ဆက်၍ မွေးမြူရေး ပျားပုံးများ ထားရှိရပါမည်။

၉။ နေကြာစိုက်ခင်းအား ကြွက်နှင့် ငှက်များဖျက်ဆီးမှုမှ ကာကွယ်ပေးခြင်း

နေကြာအစေ့အဆံတည်ချိန်မှ ရင့်မှည့်ချိန်ကာလအတွင်း ကြွက်၊ ငှက် (ကြက်တူရွေး) ဖျက်ဆီးတတ်ပါသည်။  တောင်သူအများစုမှာ ကြွက်၊ ငှက် ရန်မှ ကာကွယ်မှုကို အလေးထား ဆောင်ရွက်ခြင်း မရှိကြပါ။ ကြွက်၊ ငှက် (ကြက်တူရွေး) ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှု အထွက်နှုန်း (၇၀ ရာခိုင်နှုန်းထိ) လျော့နည်းနိုင်ပါသည်။ သို့ဖြစ်ပါ၍ နေကြာအစေ့အဆံတည်ချိန်မှ ရင့်မှည့်ချိန်ကာလအတွင်း ကြွက်ထောင်ခြောက်များထားရှိခြင်း၊ ကြွက်သတ်ဆေးချခြင်း၊ လူဖြင့် နှိမ်နင်းခြင်း ဆောင်ရွက်ရပါမည်။

လူဖြင့် ငှက်များအားခြောက်လှန့်ခြင်း၊ ငှက်မကြိုက်သည့် အနံ့ ၊ အသံ တို့ဖြင့် ခြောက်လှန့်ခြင်း ဆောင်ရွက်ပေးရပါမည်။ ထိုသို့ဆောင်ရွက်ပေးနိုင်ပါက သီးနှံပျက်စီး ဆုံးရှုံး မှုမှ ကာကွယ်သွားနိုင်ပါမည်။

 

၁၀။ ပိုးမွှားရောဂါကျရောက်မှုမှ ကာကွယ်ပေးခြင်း

နေကြာသီးနှံတွင် ပိုးမွှားရောဂါကျရောက်မှု ပြင်းထန်ပါက အပင်အသေအပျောက် များပြီး အထွက်နှုန်းကျဆင်းစေပါသည်။ တောင်သူအများစုမှာ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးကို စနစ်တကျ သုံးစွဲမှု အားနည်းကြပါသည်။ သို့ဖြစ်ပါ၍ အပင်ကြီးထွားမှု အဆင့်အလိုက် ပိုးမွှားရောဂါ ကျရောက်မှုကို စစ်ဆေး၍ ကာကွယ်ဆေးများ လိုအပ်သလို အသုံးပြုပေးခြင်းနှင့် ရောဂါကျ အပင်အကြွင်းအကျန်များအား ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ရပါမည်။

အထက်ပါလိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြုပြင်လိုက်နာ ဆောင်ရွက်နိုင်ပါက နေကြာသီးနှံအထွက်နှုန်းတိုးတက်၍ နေကြာထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်ပါသည်။

အချုပ်အားဖြင့် နေကြာသီးနှံကို ရေ၊ မြေ၊ ရာသီတု အမျိုးမျိုးကွဲပြားသော ဒေသများတွင် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်၍ စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်လည်း မျှော်မှန်း အထွက်နှုန်း ရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက် ရပါမည်။ နေကြာသီးနှံကို မိုးဉီး၊ မိုးလယ်၊ မိုးနှောင်းရာသီများတွင် အောင်မြင်စွာ စိုက်ပျိုး နိုင်သော ကြောင့် စိုက်ဧရိယာတိုးချဲ့ရေးအတွက် အခွင့်ကောင်းများစွာရှိနေပါသည်။ သို့ဖြစ်ပါ၍ အလား အလာရှိသော ဒေသများတွင် နေကြာစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း၊ အစေ့ထွက်နှင့် ဆီထွက်နှုန်း ကောင်းသော စပ်မျိုးနေကြာမျိုးများဖြင့် မျိုးပြောင်းလဲ စိုက်ပျိုးခြင်းဖြင့် တစ်ဧက အထွက်နှုန်းနှင့် ထုတ်လုပ်မှု တိုးတက်လာပြီး ပြည်တွင်းစားသုံးဆီဖူလုံ ပိုလျှံလာမည် ဖြစ်ပါသည်။

ကျမ်းကိုးစာရင်း

 

ထွန်းဆိုင်နှင့် ခင်မာမာနွယ်။ ၂၀၁၁ ခုနှစ်။ နေကြာစိုက်ပျိုးရေး၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊

သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်များအဖွဲ့။

http://agriculture.kzntl.gov.za/portal/AgricPublications/LooknDo/

Sunflower Production/ tabid/134/ Default. aspx  (7.6.2011)

MOALI. 2020. Myanmar Agriculture in Brief.

Schneiter, A. A and J.F. Berglund. 1981. Distriction of Sunflower Growth Stages.

Crop Sci.  21: 901-903.

                                                    

 

 

 

Videos

On Facebook

Find us on >