(က) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း။

          ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်းလုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်း အထောက်အထားများအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ် မတိုင်မီ ပျူ  ခေတ်ကတည်း ကပင် စတင်ခဲ့ပါသည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့် ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်ပါသည်။ ကိုလိုနီခေတ် ၁၈၆၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်း ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုဌာနကို အင်ဂျင် နီယာချုပ် တစ်ဦးတည်း ကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့ပါ။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထို့နောက် လမ်းအဆောက်အအုံများနှင့် ဆည်မြောင်းလုပ်ငန်းများမှာ တဖြည်းဖြည်းနှင့် တိုးတက်ကျယ်ပြန့်လာခဲ့ရာ ရွှေဘိုတူးမြောင်း၊ မန္တလေးတူးမြောင်းနှင့် မုန်း၊မန်း၊စလင်း တူးမြောင်းများကဲ့သို့ သော ဆည်မြောင်းသီးသန့်လုပ်ငန်းကြီးများ၊ ( ၁၈၈၁ ခုနှစ် မှ ၁၉၁၇ ခုနှစ် အထိ) ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ တာတမံများကဲ့သို့ တာတမံတည်ဆောက်ထိန်းသိမ်းခြင်းလုပ်ငန်းများ မြန်မာပြည်အနှံ့အပြားတွင် ပေါ်ပေါက် ခဲ့သည့်အပြင် ဆည်မြောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များဖြစ်သည့် ရေနှင့်သက်ဆိုင်သော ဇလဗေဒ သိပ္ပံ၊ ဟိုက်ဒရောလစ်သိပ္ပံနှင့်ဆည်မြောင်းအင်ဂျင်နီယာသိပ္ပံပညာရပ်များမှာ တစ်နေ့တစ်ခြားပိုမိုတိုးတက် ထွန်းကား ကျယ်ပြန့်လာခဲ့ပါသည်။၁၉၁၇ခုနှစ်ခန့်တွင်ပြည်သူ့လုပ်ငန်းဌာနကိုအဆောက်အအုံနှင့်လမ်းဌာနခွဲ၊ဆည်မြောင်း ဌာနခွဲ ဟူ၍ သီးခြားဌာနခွဲများ ဖွဲ့စည်းခဲ့ပြီး ဌာနခွဲတစ်ခုစီကို အင်ဂျင်နီယာချုပ်တစ်ဦးစီက အုပ်ချုပ်ခဲ့ပါသည်။ ၁၉၂၉ ခုနှစ်တွင် ပြည်သူ့လုပ်ငန်းဌာနနှင့် ဆည်မြောင်းဌာနတို့သည် သီးခြားရုံးများ ဖွင့်လှစ်တည်ထောင်ကြ သဖြင့် ဆည်မြောင်းဌာနအနေနှင့် ထိုအချိန်မှစ၍ သီးသန့်ဌာနအဖြစ် ပေါ်ပေါက်ခဲ့ ပါသည်။

          ပထမကမ္ဘာစစ်ကြီးပြီးစအချိန်ကာလတွင် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လိုက်လျောညီစွာ ဆည်မြောင်းဌာနသည် အထက်မြန်မာပြည် ဆည်မြောင်းတိုင်း (၂) တိုင်းနှင့် အောက်မြန်မာ ပြည်ဆည်မြောင်းတိုင်း(၂)တိုင်း၊ စုစုပေါင်း(၄)တိုင်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ သို့ရာတွင် ၁၉၃၀ - ၁၉၃၁ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး ဆိုက်ရောက်ချိန်၌ ကိုလိုနီစနစ်အုပ်ချုပ်မှု ယန္တရားအောက်တွင် ဆည်မြောင်း တိုင်း(၄)တိုင်းကို အထက်မြန်မာပြည်တွင် ဆည်မြောင်းတိုင်းဟူ၍လည်းကောင်း၊ အောက်မြန်မာ ပြည်တွင် မြစ်ဝကျွန်းပေါ်တိုင်းဟူ၍လည်းကောင်း၊တိုင်း(၂)တိုင်းထိလျော့ချပြီး စုစုပေါင်းဆည်မြောင်းခရိုင် ( ၉ ) ခရိုင် ဖြင့် ဆည်မြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။       

          ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံမှ ဗြိတိသျှတို့ ဆုတ်ခွာသွားစဉ် မြန်မာအစိုးရ အဖွဲ့ကို အိန္ဒိယတွင်ထားရှိချိန်၌ ဆည်မြောင်းဌာနခွဲကို လယ်ယာနှင့် ကျေးလက်စီးပွား ရေးဌာနအောက်တွင် ထားရှိခဲ့ပါသည်။

          ၁၉၆၃ ခုနှစ်တွင် ကချင်၊ ကယားနှင့် ရှမ်းပြည်နယ်များရှိ ဆည်မြောင်းလုပ်ငန်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းများကို ဆည်မြောင်းဌာနအောက်သို့ လွှဲပြောင်းပေးပြီး လုပ်ငန်းများကို လုပ်ဆောင် စေခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် လယ်ယာလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်ရှိ ဆည်မြောင်း တာတမံများကို ပြုပြင်ထိန်းသိမ်းခြင်းသာမက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လုပ်ငန်းသစ်များကိုလည်း စီမံကိန်းများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်စေသဖြင့် ဆည်မြောင်းဌာန၏ ဝန်ထမ်း အင်အားကိုလည်း တိုးချဲ့ခဲ့ပါသည်။

          ၁၉၇၂ ခုနှစ်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ နှင့်ကော်ပို ရေးရှင်းများကို ပြန်လည်ဖွဲ့စည်းရာ၌ မြေယာကျေးလက်တိုးတက်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းနှင့် လယ်ယာမြေ တိုးချဲ့ရေးဌာနစုကို ဆည်မြောင်းဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းပြီး ဆည်မြောင်းဦးစီးဌာနဟု အမည်ပေး၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ၁၉၈၃ ခုနှစ်၊ မေလ ( ၁၅ ) ရက်နေ့တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနကို လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂) ခုခွဲကာ ဖွဲ့စည်းခဲ့ ပါသည်။ ၁၉၉၂ ခုနှစ်၊ မတ်လ ( ၅ )ရက်နေ့တွင် နိုင်ငံတော်၏ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လယ်ယာနှင့်သစ်တော ဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ခွဲခြား ဖွဲ့စည်းခဲ့ပါသည်။  ထို့နောက် ၁၉၉၆ ခုနှစ်၊ သြဂုတ်လ ( ၇ ) ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာနအဖြစ် ဌာနပေါင်း (၁၁) ခု ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတွင်ဆည်မြောင်းဦးစီးဌာနသည် ဝန်ထမ်းအင်အားအများဆုံးဖြင့် ဖွဲ့စည်းထားပြီး လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အဓိကဦးဆောင်၍ အရေးပါသောဌာနတစ်ခုအဖြစ် ပါဝင် လျှက်ရှိပါသည်။

          ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)တွင် စီမံရေးရာဌာနခွဲ၊ စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ၊ ဖြည့်တင်း ရေးဌာနခွဲ၊ ငွေစာရင်းဌာနခွဲ၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ လုပ်ငန်းစစ်ဆေးရေးဌာနခွဲဟူ၍ အဓိကဌာနခွဲ ( ၆ ) ခု နှင့် စူးစမ်းလေ့လာတိုင်းတာလေ့ကျင့်ရေး ဌာနခွဲများဖြစ်သည့် ဆည်မြောင်း ပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ၊ ဘူမိဗေဒဌာနခွဲ၊ ဇလဗေဒဌာနခွဲ၊ စူးစမ်းလေ့လာရေးဌာနခွဲ၊ လွန်တူးနှင့်မိုင်း ဌာနခွဲ၊ရေအားလျှပ်စစ်ဌာနခွဲ စသည့်ဆက်စပ်ဌာနခွဲ(၇)ခုဖြင့် ဖွဲ့စည်းထားရှိပြီး ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် ဆည်မြောင်းဦးစီး ဌာန၏ လုပ်ငန်းတာဝန်များကို ဆောင် ရွက်လျက်ရှိပါသည်။

          မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်ကြီးများတွင် ဆည်မြောင်းဦးစီးဌာန ထိန်းသိမ်းရေးရုံး ၁၄ ခု အပြင် နေပြည်တော်ကောင်စီနယ်မြေတွင် ထိန်းသိမ်းရေးရုံးတစ်ရုံးနှင့် ရှမ်းပြည်နယ်တွင် ရှမ်း (အရှေ့) ထိန်းသိမ်းရေးရုံးနှင့် ရှမ်း(မြောက်)ထိန်းသိမ်းရေးရုံးတို့ ထပ်မံတိုးချဲ့ ဖွဲ့စည်းထားရှိသဖြင့် စုစုပေါင်း ဆည်မြောင်းထိန်းသိမ်းရေးရုံး (၁၇) ခုရှိပြီး ညွှန်ကြားရေးမှူး (၁၁)ဦး၊ ဒုတိယညွှန်ကြားရေးမှူး( ၆ )ဦးမှ တာဝန်ယူ၍ ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

          ထို့အပြင် ဆည်မြောင်းဦးစီးဌာန အုပ်ချုပ်မှုအောက်တွင် တည်ဆောက်ရေးရုံး ( ၉ )ခု ဖွဲ့စည်း ထားရှိပြီး လှည်းကူး၊ ပြည်၊ မကွေး၊ ရွှေဘို၊ ပျဉ်းမနား၊ ရန်ကုန်၊ မိတ္ထီလာမြို့ကြီးများတွင် တည်ဆောက်ရေး အခြေစိုက်ရုံးများဖွင့်လှစ်ကာ ဆည်မြောင်းတည်ဆောက်ရေးလုပ်ငန်းများကို ညွှန်ကြားရေးမှူးများမှ တာဝန် ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုနည်းတူစွာ နေပြည်တော်ရှိ အင်ဂျင်နီယာချုပ် (စက်မှု) အုပ်ချုပ်မှုအောက်တွင် ရန်ကုန်၊ တောင်ငူ၊ မကွေးနှင့်မန္တလေးမြို့ကြီးများ၌ စက်မှုတိုင်းဌာနကြီးများ၏   အခြေစိုက်ရုံးများဖွင့်လှစ်ပြီး ညွှန်ကြား ရေးမှူး ( စက်မှု )များမှ မိမိတို့သက်ဆိုင်ရာ တည်ဆောက်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများအလိုက် စက်မှုပိုင်း ဆိုင်ရာ လိုအပ်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါသည်။

          ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ )ရက်တွင်   လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အုပ်ချုပ်မှုအောက်၌ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဌာန (၂) ခုတို့ကို ပူးပေါင်း၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ထို့နောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ( ၁ )ရက်နေ့ မှစတင်၍ ယခင် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအား သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းလျက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဝန်ကြီးရုံး(၃)ရုံးအားဝန်ကြီးရုံး(၁)ရုံးအဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး ဝန်ကြီးရုံးအောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အပါအဝင်ဌာန(၁၂) ခု ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

          သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစွာ ရရှိစေရေး နှင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေရေးလုပ်ငန်းများကို ဦးဆောင်အခန်း ကဏ္ဍ မှ အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

(ဂ) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မူဝါဒ

          နိုင်ငံ၏ရေအရင်းအမြစ် သယံဇာတများကို ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး နောင်ရေရှည် လုံခြုံစိတ်ချစွာ အသုံးချနိုင်ရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ စီမံအကောင်အထည်ဖော်ဆောင်ရွက်ရန်။

(ဃ) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ရည်မှန်းချက်

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးခက် ခဲမှု၊ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များမှ လျော့ပါးသက်သာစေရေးနှင့် နောင်ရေရှည်လုံခြုံ စိတ်ချနိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ထိန်းသိမ်းပြီး ရေ အရင်းအမြစ်သယံဇာတ စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရန်။

(င) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

          (၁)     လိုအပ်သည့် အကြိုစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်မြောက် နိုင်စွမ်းရှိပါက ဒေသလိုအပ်ချက်နှင့်

                 လိုက်လျောညီထွေဖြစ်ပြီးရှိရင်းစွဲ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို မထိခိုက်စေနိုင်ရေအားလျှပ်စစ်ပါ

                တွဲဘက်ထုတ်လုပ်နိုင်သောဘက်စုံရေလှောင်တမံများအပါအဝင် စီမံကိန်းအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

          (၂)     တည်ဆောက်ပြီးရေလှောင်တမံနှင့်ရေသောက်စနစ်များအား စိုက်ပျိုးရေ ထိရောက်လုံလောက်စွာ ပေးဝေနိုင်ရန် ပြုပြင်ခြင်းနှင့်

                  ထိန်းသိမ်းလည်ပတ်ခြင်း။

          (၃)     ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေဘေးကာကွယ်ရေးတာများနှင့် ရေငန်တားတာများ ပြုပြင်တည်ဆောက်

                    ထိန်းသိမ်းခြင်း။

          (၄)     ဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ သောက်သုံးရေဖူလုံစေရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက်

                    ရေလှောင်တမံနှင့် ဆည်ငယ်/ကန်ငယ်များတည်ဆောက်ပြုပြင်ခြင်း။

          (၅)     ကျေးရွာဆည်မြောင်းလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းလည်ပတ်ခြင်း လုပ်ငန်းများတွင်နည်းပညာထောက်ပံ့မှုဖြင့်

                   ကူညီဆောင်ရွက်ခြင်း။

          (၆)     စနစ်ကျ၍ ထိရောက်ကောင်းမွန်သော ရေစီမံခန့်ခွဲမှုလုပ်ငန်းများပါဝင်သည့် အဆင့်မြင့်လယ်ယာမြေဖော်ဆောင်မှု

                  လုပ်ငန်းများကိုဝန်ကြီးဌာနလက်အောက်ရှိဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။

          (၇)     တောင်သူလယ်သမားများပါဝင်သည့် ရေအသုံးပြုသူအဖွဲ့များအား ဆည်ရေကိုထိရောက်အကျိုးရှိစွာ အသုံးချ

                   တတ်စေရန်အတွက် ရေစီမံခန့်ခွဲမှုသင်တန်းများဖြင့်လေ့ကျင့်ပညာပေးခြင်း။

          (၈)     မြစ်ရေတင်စီမံကိန်းများအနေဖြင့် မူလအကျိုးပြု လယ်/ယာမြေ ဧကများ အပြည့်အဝ စိုက်ပျိုး ရေပေးဝေနိုင်ရန်

                   ဆောင်ရွက်ခြင်း။

          (၉)     အပူပိုင်းဇုန် ဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများ

                 အတွင်းရှိလျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့်မြေအောက်ရေဖော်ထုတ်သုံးစွဲသည့်လုပ်ငန်းများမှ စိုက်ပျိုးရေပိုမို

                ပေးဝေနိုင်ရေးဆောင်ရွက်ခြင်း။

          (၁၀)   စိုက်ပျိုးရေနှင့်သောက်သုံးရေလိုအပ်ချက်အား ထောက်ကူဖြည့်ဆည်းပေးနိုင်ရေး အတွက်မြေအောက်ရေဖော်

                  ထုတ်သုံးစွဲခြင်းလုပ်ငန်းများအားသဘာဝအရင်းအမြစ်ကို ထိခိုက်မှု မရှိစေဘဲ စနစ်တကျ တိုးချဲ့ဆောင်ရွက်ခြင်း။

          (၁၁)   လျှပ်စစ်ဓါတ်အား ရရှိနိုင်မှုအခြေအနေပေါ်မူတည်၍ မူလတည်ဆောက်ပြီး ဒီဇယ်မြစ်ရေတင်လုပ်ငန်းများအား

                  လျှပ်စစ်ရေတင်စနစ်သို့   ပြောင်းလဲတည်ဆောက်ခြင်း။

          (၁၂)   မြစ်ရေတင်လုပ်ငန်းများနှင့် မြေအောက်ရေဖြင့် တစ်ကွင်းတစ်စပ်ရေ ပေးဝေသော လုပ်ငန်း များတွင် ရေသုံးစွဲမှု

                  ချွေတာသောနည်းစနစ် (Wateraving Technology) အသုံး ပြုနိုင်ရေး လယ်သမားများသို့ ပညာပေးဆောင်ရွက်ခြင်း။

 

                   

Videos

 

 










 
 

On Facebook

Find us on >